မကြာသေးမီလေးမှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန တစ်သီးပုဂ္ဂလ ဒဏ်ခတ်ပိတ် ဆို့မှု ဆိုင်ရာရုံးလို့
ခေါ်တဲ့ အိုအက်ဖ်အေစီက မြန်မာအာဏာရ ပါတီကြီးထဲမှာ လူပြောသူပြောများပြီး
ယခင် အစိုးရရဲ့ နာမည်ထင်ရှား ဝန်ကြီးတစ်ပါးလည်းဖြစ်သူကို နာမည်ပျက်
စာရင်းသွင်းပြီး စီးပွားရေး ပိတ်ဆို့မှု လုပ်လိုက်ပါတယ်။ အမေရိကန်အစိုးရက
ဒီလို“ပိတ် တာ” “ဆို့တာ”မှာ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်များကို သူတို့က ပံ့ပိုးနေချိန်မှာ အနှောင့်အယှက်ပြုတဲ့သူ၊
မကြာမီ ကမှ စတင်တဲ့ စီးပွားရေးနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို
ချည့်နဲ့အောင် ရည်ရွယ်ချက် ရှိရှိ လုပ်တဲ့သူ၊ အတိုက်အခံ ဒီမိုကရေစီ
အင်အားစုများကို ဖိနှိပ်ရာမှာပါဝင်သူ စသဖြင့် စွပ်စွဲထားခဲ့ပါတယ်။
အရင်ဒါမျိုးအလုပ်ခံရရင် “မိုးလုံးပြည့် မု သာဝါဒါတွေ” လို့
ငြင်းချင်ငြင်း၊ ဒီလိုမှ မဟုတ်ရင် “စီးပွားရေး ပိတ်ဆို့တာ တို့မမှုပါ” လို့
သီချင်းဆိုလိုဆိုပြ လုပ်နေကျပေ မယ့် အခုတစ်ခေါက်မှာတော့ ချက်ချင်း
တုံ့ပြန်တိုက်ခိုက်တာ မတွေ့ရဘဲ ကြံ့ခိုင်ရေး ပါတီထဲက ဘူးလက် လူကြီးမင်းကနေ
“ယင်းမှာ အန်အယ်လ်ဒီ ၏ လက်ချက်ဖြစ်ကြောင်း” ဆိုတဲ့ အသံမျိုးသာ
ကြားလိုက်ရပါတယ်။ ဒါပေမဲ့ ဆယ်ရက်လောက် ကြာတော့မှ လွှတ်တော်မှာ အရေးတကြီး
အဆိုတင်သွင်းပြီး အခုလို လုပ်တာဟာ လွှတ်တော် သိက္ခာကိုထိခိုက်ပြီး
တိုင်းရင်းသားစည်း လုံးရေး တို့၊ အမျိုးသား ရင်ကြားစေ့ရေးတို့၊ အမေရိကန်နဲ့
ဆက်ဆံရေး တို့ ထိခိုက်တယ်လို့ ကန့်ကွက်ရုံမက အခုလိုဖြစ်အောင်
လုပ်သူများကိုလည်း ရှုတ်ချ လိုက်သဗျ။
တကယ်တော့ ပြောသာပြောရတာ အခု
အပိတ်ဆို့ခံပုဂ္ဂိုလ်ကြီးက စွပ်စွဲတာတို့၊ အမနာပပြောဆို တာတို့ကို အရင်ကဆို
အချိန်ကုန်ခံပြီး ဖြေရှင်းလေ့ရှိသူတော့ မဟုတ်ပါ ဘူး။ တကယ်တော့ သူ့ကို
စွပ်စွဲပြောဆိုကြ တာက နည်းတာမှ မဟုတ် တာ။ မသုံးလုံးနယ်မြေမှာ
ကွန်မြူနစ်တွေကို ဝါးရင်းတုတ် နဲ့နှိမ် နင်းခဲ့လို့
“ဝါးရင်းတုတ်အောင်သောင်း” လို့ နာမည်ကြီးပုံက သမိုင်းမှာ ဝါးရင်းတုတ်
သုံးတာဆို အလောင်းဘုရား၊ ဂဠုန်ဦးစောနဲ့ သူပဲရှိ တာလို့ ချီးမွမ်းခြေကျောက်
လုပ်တာမျိုးကိုလည်း ဟုတ်တယ် မဟုတ်ဘူးလို့ ရှင်းလင်း ပြောလေ့ မရှိခဲ့ပါဘူး။
ဒီလိုပဲ ဘယ်တိုင်းမှူး ကြီးရဲ့ လက်အောက်မှာ ကျိုးနွံပျော့ပျောင်း
တပည့်ကောင်း ဖြစ်ခဲ့ရာက တိုင်းမှူးကြီး ဝန်ကြီးဖြစ်တော့ ဘီယာမြင့် ရင်
ရေခဲတုံး လည်း ပေါလောလိုက်မြင့်သလို ဘယ်လို ရာထူးတွေ ရကြီးပွားပုံ၊
နောင်တော့ ဆရာရင်းရဲ့ အားရပါးရ မှားသမျှ စားသမျှတွေ ကို ထောက်လှမ်းရေးကို
သတင်းပေးလို့ ဆရာပြုတ်ပြီး သူကတော့ သူကောင်းပြု ခံရပုံ အစရှိတဲ့ စွပ်စွဲ
ချက်များကိုလည်း တစ်ခါ မှ ငြင်းတာရှင်းတာ မတွေ့ဖူးပါဘူး။
ဒါတင်ဘယ်ကမလဲ။ ဒီကနေ မွေးရေဝန်ကြီးဖြစ်လာပြီး ထိုင်းငါးဖမ်း ကုမ္ပဏီတွေနဲ့
ဘယ်လို အပေးအယူ လုပ်ပြီး နိုင်ငံခြားငွေတွေ အိတ်ထဲ ထည့်ခဲ့ပေမယ့်
တစ်ဝက်လောက် စာရင်းပြရုံ နဲ့တောင် နိုင်ငံခြားငွေ အရှာပေးနိုင်ဆုံး
ဝန်ကြီးဖြစ်ခဲ့ပုံ၊ ဒီကနေ စက်မှု(၁) ဝန်ကြီး ဘ၀ ရောက်တော့ လည်း စက်ရုံမလည်ဘဲ
စက်ရုံမြတ်အောင် လုပ်ပြနိုင်ပုံတို့ကိုလည်း ဘယ်သူတွေ က ဘယ်လိုစွပ်စွဲစွဲ၊
တစ်ခါမှ ဟုတ်တယ် မဟုတ်ဘူး ရှင်းမပြဖူးပါဘူး။ ဒီနေရာမှာ စက်ရုံ မလည်ဘဲ
မြတ်အောင်လုပ်ပြတယ်ဆိုတဲ့ စွဲချက်ကတော့ နည်းနည်း များတယ် ထင်မိတာပါပဲ။
ဒါပေမဲ့ စွပ်စွဲသူက ရှင်းပြတာကတော့ သူ့တပည့် သားမြေးတွေ
ဆွေမျိုးတွေပိုင်တဲ့ ကုမ္ပဏီတွေက စက်မှု(၁)နာမည်နဲ့ ကုန်ကြမ်းတွေ သွင်းခဲ့ကြ
ပြီး အစိုးရ စက်ရုံတွေမှာတော့ ကုန်ကြမ်း အညံ့ တွေ သုံးပြီး လည်၊
တချို့စက်ရုံတွေဆို မလည်ပဲထား၊ ဒါပေမဲ့ ရထားတဲ့ အမြတ်တွေ ထဲက
စက်ရုံအမြတ်အဖြစ် ခွဲဝေပေးပြီး စာရင်းပြနိုင်ခဲ့တာဆိုကိုး။ ဒီလို ရထား
တဲ့ငွေတွေ နဲ့ စက်ရုံအ မြတ်ပြနိုင်တော့ လည်စရာတောင်မလိုဘူးလို့ ဆိုနေ
တာပါပဲ။
ဒါကိုလည်း ဟုတ်တယ် မဟုတ်ဘူး ကာယကံရှင်က မပြောတော့ မှန်မမှန်
မသိရ ဘူးပေါ့။ တကယ်ဆိုရင် ကဲ၊ မင်းတို့ပြောတဲ့ထဲ မှာကို စက်ရုံမြတ်အောင်
လုပ်ပြတယ်ဆိုက တည်းက တိုင်းပြည်မနစ်နာဘူး မဟုတ်လား လို့တောင်
မေးခွန်းပြန်ထုတ်နိုင်သေးတာပဲ လေ။ ပြီးတော့ဟုတ်တယ်ပဲထားဦး။ စက်ရုံ လည်ပြီး
ရှုံးအောင် လုပ်ခဲ့တဲ့ဝန်ကြီးတွေထက်တော့ သာတယ်များ ဆိုနိုင် မလား တွေးစရာပဲ
မဟုတ်လား။ မဆလခေတ်မှာ စက်ရုံကြီးတချို့ ကဆို ရှုံးရက် သားနဲ့ လည်နေကြရတာတဲ့။
ဘာကြောင့် ဆိုတော့ ရပ်ထားရင် ၁၀၀ ရာခိုင် နှုန်း ရှုံးပြီး လည်ရင်တော့ ၆၀
ရာခိုင်နှုန်းပဲရှုံး လို့ဆိုပဲ။ အဲဒီစက်ရုံမျိုးကို စီမံခန့်ခွဲ ခဲ့တဲ့
ဝန်ကြီးမျိုးနဲ့စာရင် စက်ရုံလုံးလုံး မလည်ဘဲနဲ့ကို မြတ်အောင် လုပ်ပြ တဲ့
ဒေးဗစ်ကော်ပါသောင်း အဲလေ မဟုတ်ပါဘူး နအဖ စက်မှုဝန်ကြီးမျိုး က
ပိုမတော်ဘူးလားလို့နော်။
နောက်ပြီးတော့ ဒေးဗစ်ကော်ပါဖီးလ်က
တရုတ်ပြည်တံတိုင်းကြီးကို ဖျောက်ပြ သလိုပဲ စက်ဘီးစက်ရုံ အမှတ် ၁
စက်ရုံကြီးတစ်ခုလုံးကို သန်းရှစ်ထောင်ဖိုး ပစ္စည်းထုတ်တယ်လို့ပြပြီးမှ တစ်ခါ
အဲဒီ စာရင်း ကို ကျောက်ဆည် အမှတ် ၂ စက်ဘီး စက်ရုံရဲ့ မတည်ငွေအဖြစ်
ပြန်ပြပြီး နောင်တော့ အဲဒီ စက်ရုံနှစ်ခုကို အပေါင်းပြခဲ့တယ်၊ ဒီနည်းနဲ့
စက်ရုံကြီးတစ်ရုံလုံးတောင် ဖျောက်ပြခဲ့တယ်လို့ ဆိုကြသေးတယ်။ ဒါတင် မကဘဲ
ကျောက်ဆည်စွပ်ကျယ် စက်ရုံဆို တာလည်း ပစ္စည်း လုံးဝထွက်တာ မဟုတ်ဘဲ
တပ်ချုပ်ကြီး လာစစ်တဲ့အခါ တရုတ်နယ်စပ် က စွပ်ကျယ်တွေကို ကားနဲ့အမြန်သယ်၊
စက်မှု ၁ တံဆိပ်ရိုက်ပြီး ထုတ်ကုန် အဖြစ် မျက်လှည့်ပြခဲ့တာကို ဂျင်ပေါ်ကထုံး
ဆိုတဲ့ တပ်ချုပ်ကြီးတောင် (ထုံးပေါ်က အိန္ဒိယဆေးနဲ့ တွေ့ သွားတော့)
ချာလပတ်ရမ်းပြီး ယုံသွားခဲ့ရုံမက အဲဒီကုန် မထွက်တဲ့ စက်ရုံကြီး မှာ
ကျောက်ဆည်က တပ်ချုပ်ကြီးအမျိုးတွေကိုတောင် ခန့် ထားပေးခဲ့သေးတယ်လို့လည်း
ဆိုကြပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်းပါပဲ။ ဒီ စွပ်စွဲချက်တွေကို
စွပ်စွဲခံပုဂ္ဂိုလ်ကြီးက အရေးအရာလုပ်ပြိး တစ်ခါမှ ဖြေရှင်း တာ
မလုပ်ခဲ့ပါဘူး။
သူ့ကို စွပ်စွဲခဲ့ချက်တွေက ဒီလောက် ဘယ်ကမလဲ။
သွားလေသူ ဗိုလ်ချုပ်စိုးဝင်း လက်ရာလို့ လူသိ များကြတဲ့ ဒီပဲယင်းအရေး
အခင်းကိုတောင် တကယ်က ကိုယ်ထိ လက်ရောက် အကောင်အထည်ဖော် ခဲ့တာ သူပဲလို့
စွပ်စွဲကြတာ ရှိ ပါသေးတယ်။ တော်ရုံမြန်မာ လူမျိုးကို ဖော်ပြလေ့မရှိတဲ့
ဝီကီပီးဒီးယား မှာ တောင် key architects of the Depayin massacre လို့
ဖော်ပြထား တာ တွေ့ရပါတယ်။ သူဟာ သူ့ဇာတိနယ်က လူမိုက်များနဲ့ ဝါးရင်း တုတ်တပ်
ဖွဲ့ဖွဲ့ပြီး ရိုက်ခဲ့တာဆိုပြီး အဲဒါကို တောင်သာ တပ်မတော် လို့ အမည်တပ်သူက
တပ်ပါတယ်။ ဒါကလည်း စွပ်စွဲချက်ပါပဲ။ အတိအကျတော့ ပြောနိုင်ကြတာမှ မဟုတ်တာ။
တကယ် ဟုတ်များဟုတ်နေရင်တောင် ဒါကို လူသိရှင်ကြားဖြစ်အောင် လုပ်ကြသူများ ဟာ
ပေါင်းတလည် တပ်မတော် တို့၊ ကျောက်ဆည်တပ်မတော်တို့၊ ငပုတောတပ်မတော်တို့
ဖြစ်အောင် မလုပ်ခဲ့နိုင် သူများရဲ့ တပည့်တပန်းတွေက မလိုတမာ
ဖွင့်ချကြတာလို့တောင် ဆိုကောင်း ဆိုစရာ ဖြစ် မှာပါ။
မကြာသေးမီ
နှစ်များမှာ ဦးသိန်းစိန်အစိုးရကို အမည်းစက်ထင် နာမည်ပျက်စေ တဲ့
ရခိုင်ပြည်နယ် က မော်လဝီဆရာ ဆယ်ယောက် လောက်ပါတဲ့ ကားတစ်စီးကို
တိုက်ခိုက်သတ် ဖြတ်တဲ့ကိစ္စမှာ တိုက်ခိုက်သူများဟာ ဒေသခံတွေ မဟုတ် ပါဘူးတဲ့။
ပြီးတော့ ဒီလို ဘာသာ ရေးဆရာတွေ ပါလာမယ် ဆိုတာ ဒေသခံက
ဘယ်လိုကြိုသိနိုင်မှာလဲ၊ ဒါဟာတမင် အကွက်ချပြီး ဘာသာရေးပဋိပက္ခကို ဖန်တီး
တာပဲ ဆိုတဲ့ ကောက်ချက်နဲ့အတူ အဲဒီရက်ပိုင်း မတိုင်မီ သူ့ဇာတိကို လာပြီး
လူမိုက်တွေလာစုတယ် စသည်ဖြင့် အွန်လိုင်းမှာ အခိုင်အမာ စွပ်စွဲကြ တာတွေလည်း
ရှိပါတယ်။ ခက်တာက နောက်ပိုင်း ဒီ ပဋိပက္ခတွေ တခြားမြို့နယ်တွေ ကို
ပျံ့နှံ့သွားတဲ့အခါ ဒေသရဲတပ်ဖွဲ့များက အချိန်မီ အရေးမယူကြ တဲ့အပြင်
ဘယ်မြို့မှာမဆို ပလီတွေမီးရှို့၊ အစ္စလာမ်တွေရဲ့ ဆိုင်တွေ အိမ်တွေကို ဖျက်ဆီး
လုပ်သူ အများစုက ဘယ်ကရောက်လာ မှန်းမသိ တဲ့ လူအုပ်တွေဖြစ်ပြီး တစ်ယောက်
မှမမိဘဲ ပျောက်ပျောက် သွား တတ်တာ ပါပဲ။ အဲဒီမှာ “ဟိုလူကြီးလက်ချက်ဆိုတာ
သေချာ နေတာပဲ” စသဖြင့် အွန်လိုင်း စွပ်စွဲ ချက်တွေ တက်လာတတ်တာပါပဲ။
တကယ်တော့ ဘာသာရေးအဓိကရုဏ်း တွေဖြစ်တိုင်း ဒေသခံရဲတပ်ဖွဲ့ရဲ့ အရေးယူ
ဆောင်ရွက်မှုဟာ အကန့်အသတ်ရှိနေတာ၊ ဘယ်ကရောက်လာပြီး ဘယ်ကိုရောက်သွား
မှန်းမသိတဲ့ ဆိုင်ကယ်လူအုပ်တို့၊ သံဃာတွေ ပါဝင်တဲ့
လူအုပ်စုကြီးတို့ဆိုတာကို စစ်ဆေး တာမေးမြန်းတာ မလုပ်နိုင် ဘဲ ဒေသခံတွေ က
ကျွန်တော်တို့မြို့ကလူတွေ မဟုတ်ဘူးဗျ လို့ သတင်းဌာနတွေ ကို ပြော
လိုက်တာတွေကြောင့် ဒါဆို ဘယ်သူ့လက်ချက်ပဲလို့ ငါးတကာယိုမယ့် “တွိုင်းလက်”
ပုစွန်ခေါင်းထဲ လာဆောက်ဆိုတာလို သူ့ခမျာ ခံရရှာတာပဲလေ။
ခံရတယ်
သာပြောတာပါ။ ပြောခဲ့တဲ့အတိုင်း ဒီကိစ္စမျိုး တွေကို ကာယကံရှင်က တစ်ခါမှ
ရှင်းတာ လင်းတာငြင်းတာ (ဒီထက်တစ်ဆင့်တက်ပြီး စကားလုံး ပြင်းပြင်း ထန်ထန်နဲ့
ပြန်ပြီးဗျင်း တာ) ဆိုတာမျိုးတစ်ခါမှ မလုပ်ခဲ့ပါဘူး။
အခုတစ်ခါမှာသာ
ကာယကံရှင်ကိုယ် တိုင်က ငြင်းရုံမကဘဲ ဒီကိစ္စဖြစ် လာအောင် အချက်အလက်ဒေတာတွေ
ပို့ပေးသူကို လွှတ် တော် ကဖော် ထုတ်ပေး ရမယ်လို့တောင် တောင်းဆို တဲ့အပြင်
ဒါဟာ သူ့ကိုပုဂ္ဂိုလ်ရေး ထက် ပါတီ အားပျော့စေချင်လို့ လုပ်တဲ့သဘောဖြစ်ပြီး
ဒီလိုလုပ်လို့ အားပျော့မှု မရှိပါဘူး လို့ ဆို လိုက်ပါတယ်။ အမှန်တော့
ဒီလောက်တောင် ပြော စရာ မလိုပါဘူး။ ဦးအောင်သောင်းကို ဒီထက်မက
ပြောကြဆိုကြတာရှိတာ တစ်ခါမှ အသေအချာ မဖြေရှင်းဖူးတာတောင် ဘာမှ ဖြစ်တာမှ
မဟုတ်တာ။ တစ်ခါက ဆိုရင် တပ်ချုပ်ကြီးဆီက အာဏာသိမ်းဖို့တောင်
လုပ်ဖူးတယ်ဆိုတာမျိုး၊ တပ်ချုပ်ကြီး အချစ်တော်မြေးကလေးကို လုပ် ကြံပြီး
အန်အယ်လ်ဒီ လက်ချက်လို့ လွှဲချဖို့ ကြံဖူးတယ်ဆိုတာမျိုးအထိ ဘယ်သူ့ရှေ့မှာ
ဘာပြောခဲ့တယ်ဆိုတာမျိုး အထောက်အထား နဲ့ စွပ်စွဲရေးကြတာတွေတောင် ရှိပါတယ်။
ပြောကြတဲ့ အတိုင်း ပြန်ရေးပြရရင် ကိုယ်ပါရော စွပ်စွဲသလို ဖြစ်နေမှာမို့
အသေးစိတ် မပြော တော့ပါဘူး။ တချို့က အဲဒီကိစ္စတွေပေါက် ကြားခဲ့လို့
တပ်ချုပ်ကြီးက သူ့ကို နေရာသိပ် မပေးခဲ့တော့တာ ဆိုတာမျိုး ပြောကြ ပါသေး တယ်။
ဒါကို လည်း ဖြေရှင်းတာ၊ ငြင်းဆန်တာ မကြားမိပါဘူး။ ပြီးတော့ ဘယ်သူတွေက
အထောက်အထားနဲ့ ဘာတွေဆိုဆို၊ ပြည်ပကသာ ယုံချင် ယုံကြ မှာ၊ ပြည်တွင်းက လူတွေက
သိပ်ယုံမယ်မထင်ပါဘူး။
ဘာကြောင့်ဆိုတော့ ဦးအောင်သောင်းသာ
ဒီမိုကရေစီကို ဖျက်လိုဖျက်စီး လုပ်နေသူဆိုရင် သမ္မတကြီးကနေ ဆိုက်ကားသမားအထိ
ဒီမိုကရေစီကို ပါးစပ်က မချတဲ့နိုင်ငံကြီးမှာ ချက်ချင်း
မြောင်းထဲရောက်သွားမှာပေါ့၊ ဟဲဟဲ။
အမေရိကန်နိုင်ငံကြီးကလည်း
တစ်ချိန်ကဆို အစိုးရကြီးကိုတောင် ပိတ်တာ ဆို့တာ လုပ်ခဲ့တာပါပဲ။ အဲဒီတုန်းက
အမေရိကန်ပိတ် ဆို့လို့ အထည်ချုပ် စက်ရုံတွေပိတ်ပစ်ရတော့ စက်ချုပ်သမကလေးတွေ
“ဟိုဟာ” လုပ်စား ကြရပြီ လို့ သတင်းစာ ဆောင်းပါးတွေမှာ ပါခဲ့ဖူးတယ်လေ။
အခုတော့ အမေရိကန်ကြီး က ပိတ်ထားတာကို ပြန်ရုပ်ပေးလိုက်ပါပြီ။ အဲဒီတော့
အရင်က “ဟိုဟာ” လုပ်စားနေကျဟာ တွေတောင် စက်ဝင်ချုပ်နေကြပြီလားတော့
မဆိုနိုင်ပါဘူး။ တကယ်တော့ အောက်ခြေလူ တန်းစားအဖို့တော့ ပိတ်တာဖြစ်ဖြစ်
ရုပ်တာဖြစ်ဖြစ် သိပ်ထူးခြားမယ်မထင်ပါဘူး။ ဒုံရင်း ဒုံရင်းပါပဲ။
ကျွန်တော်ကတော့ ပြည်ပအားကိုး ပုဆိန်ရိုးတို့၊ ပြည်ပမျှော်မြင် သေနတ်
ဒင်တို့ ဖြစ် ချင်ပါဘူး။ ပိတ်တာ၊ ရုတ်တာလည်း ကိုယ် ဖြစ်စေချင်သလို လုပ်လို့
ရတာ မဟုတ်ဘူး။ ဒါပေမဲ့ ပြည်သူ့ငွေကိုဖြတ်စားလျှပ်စားလုပ်တဲ့ “ပြိတ္တာ”တို့၊
အများတော့ နစ်နာ၊ ကိုယ်သာ ကောင်းစားစေလို့ “ယုတ်တာ”တို့ဆို ကိုယ့် ဘာသာ
ပိတ်ဆို့မှုလုပ်လိုက်တာပဲ။ သူထောင်ထားတဲ့ ကုမ္ပဏီဆို မပတ်သက်။ သူဘဏ်
ထောင်ထားတာရှိရင် ငွေမအပ်၊ သူဘတ်စ်ကား လိုင်းထောင်ရင် မစီးဘူး။ အပင်ပန်းခံ
လမ်းလျှောက်လို့ရရင်လျှောက်တယ်။ စသဖြင့်ပေါ့။ ဒါကလည်း လူပြောသူပြောနဲ့
ယုံတတ်လို့ မဟုတ်ပါဘူး။ အဲဒီပုဂ္ဂိုလ် ပတ်သက်ခဲ့တဲ့ ဝန် ကြီးဌာနတို့၊
ပါတီတို့၊ အသင်းအဖွဲ့တို့မှာ မေး မြန်းစုံစမ်း လိုက်ရင် အမှန် သိရတာပါပဲ။
ဒီလို အမှန်သိပြီဆိုရင် “ပြိတ္တာ” ဖြစ်နေတာ မှန်ရင်တော့ ပိတ်ဆို့လိုက်၊
“ယုတ်တာ” မဟုတ်တော့ဘူးဆို ရုပ်သိမ်းလိုက်။ ဘယ်သူမှ လည်း အဆိုတင် ၊
ထောက်ခံစရာမလို။ တစ်ဦးတည်းသော လွှတ်တော်မှာ ချက်ချင်း အရေးတကြီး အဆိုတင်
ဆုံးဖြတ် ပိတ်ဆို့ပြီး တော်လောက်ပြီ ထင်တဲ့နေ့ ချက်ချင်း အရေးတကြီး
ပြန်ရုပ်သိမ်းလိုက်။ လွယ်လည်း လွယ်၊ ထိလည်း ထိမို့ အဲဒီလိုလုပ်ကြည့်ကြဖို့
အဖော်ညှိလိုက်ချင်ပါတယ်ဗျာ။
0 comments:
Post a Comment