ရန်ကုန်၊ နိုဝင်ဘာ ၂၃
ရွှေဘို-မြစ်ကြီးနားလမ်းနှင့် ကန့်ဘလူမြို့သို့ ဆက်သွယ်ထားသည့် မြို့အဝင် လမ်းမပေါ်၌
အေးမြစိုး ဖောင်ဒေးရှင်းက တည်ဆောက်ထားသည့် အစိုးရအကြီးအကဲများ တည်းခိုသည့်
ဧည့်ရိပ်သာမှာ နိုဝင်ဘာ တတိယပတ်အတွင်း မီးလောင်ကျွမ်းမှု
ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
အေးမြစိုး ဖောင်ဒေးရှင်းမှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌဟောင်းနှင့် ဒုတိယတပ်မတော်
ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏
သမီးဖြစ်သူ တည်ထောင်ထားသည့် ဖောင်ဒေးရှင်း ဖြစ်သည်။
“ဘာကြောင့် လောင်တယ်လို့တော့ အတိအကျ မသိရဘူး။ လောလောဆယ် တိုင်းဒေသကြီး မီးသတ်ဌာနက ဆင်းစစ်နေတယ်လို့ သိရတယ်၊ သိန်းငါးရာဖိုးလောက် ပျက်စီးခဲ့တယ်လို့တော့ သိရတယ်” ဟု အဆိုပါအရာရှိ ဧည့်ရိပ်သာမှ တာဝန်ရှိသူများနှင့် နီးစပ်သည့် အမည်မဖော်လိုသူ ကန့်ဘလူ ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါ ဧည့်ရိပ်သာမှာ အမှတ် ၆၀၀၆ သံချပ်ကာ တပ်ရင်းနှင့် မျက်နှာချင်းဆိုင်လည်း ဖြစ်ကာ ဧည့်ရိပ်သာ လုံခြုံရေးကို အဆိုပါ တပ်ရင်းမှူးက တာဝန်ယူထားကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
အဆိုပါ မီးလောင်ကျွမ်းမှုမှာ ဝါယာရှော့ ဖြစ်ပွားမှုကြောင့်ဟု ကန့်ဘလူမြို့နယ်၊ ရဲစခန်းမှူးက အတည်ပြု ပြောကြားခဲ့သော်လည်း နေ့ရက်နှင့် အသေးစိတ် အချက်အလက်များကိုမူ ၎င်းက ပြောဆိုခြင်းမရှိပေ။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ကန့်ဘလူမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးနှင့် မီးသတ်ဦးစီးဌာနသို့ ထပ်မံ ဆက်သွယ်ခဲ့သော်လည်း တာဝန်ယူ ဖြေကြားမည့်သူ မရှိပေ။

0 comments:
Post a Comment