မိတ်ဆွေနည်း ကံမွဲလှတဲ့ မြန်မာမွတ်စလင်
သမီးလုပ်သူက ဆွမ်းပို့ပြီးရင် “တပည့်တော်မ ပြန်ကြွပါအုံးမယ်
ဘုရား”လို့ ဆိုသတဲ့။ ဆရာတော်က မအေကို တိုင်တော့ မအေက “အလိုလေး၊ သမီးတော်က
အခုလို မိန့်ကြားလိုက်သလား ဘုရား”တဲ့။ ဒါနဲ့ ဆရာတော်က မဖြစ်ချေဘူးဆိုပြီး
…တကာသူဌေးမင်းကို တိုင်ရပြန်တယ်။ “တော်တော်ဆိုးတဲ့ သားအမိတွေဘဲ။
ဒီအတိုင်းဆိုရင် ဆရာတော်ရဲ့ ကျောင်းကို ဒီသားအမိ နောင်ဘယ်တော့မှ
ခြေတော်ရာတောင် မချစေရဘူး ဘုရား”လို့ လျှောက်ပြန်သတဲ့။
မြန်မာမွတ်စလင်တွေအတွက်ကတော့ အရင်ဘုန်းကြီး နှစ်ချက်ခေါက်က နောက်ဘုန်းကြီး
သုံးချက်ခေါက်ဖြစ်နဲ့ ကြာလေ နစ်လေ၊ လှုပ်လေ၊ မြုပ်လေ ဖြစ်နေပြီလား။
ကမ္ဘာပေါ်မှာ ကပြားမဖြစ်၊ သွေးမစပ်တဲ့လူမျိုး မရှိဘူးလို့
ဒုတိယကမ္ဘာစစ်ကြီးပြီးကတည်းက UNESCOက ကြေငြာခဲ့တယ်။ ကျနော်တို့
မြန်မာပြည်သူတွေကတော့ အခုထက်ထိ မြန်မာလူမျိုးစစ်စစ်၊ မွန်လူမျိုးစစ်စစ်၊
ရခိုင်လူမျိုးစစ်စစ်လို့ ဂုဏ်ယူလို့ ကောင်းနေတုန်းပါဘဲ။
မြန်မာပြည်မှာရောက်နေကြတဲ့ ကပြားချင်းအတူတူ အရင်ရောက်တဲ့ကပြားက
တိုင်းရင်းသားတွေဖြစ်၊ နောက်ရောက်တဲ့ ကပြားလည်း မွတ်စလင်မဟုတ်ရင်
တိုင်းရင်းသားဖြစ်၊ မြန်မာမွတ်စလင်(ပသီ)လူမျိုးအပါအဝင် မြေဒူး၊ ရိုဟင်ဂျာ၊
၃၇၀၀၊ ပသျှူး(မလေး)တွေကတော့ မွတ်စလင်တွေဖြစ်တာနဲ့ ရှိပြီးသား
တိုင်းရင်းသားစာရင်းကနေ အရှင်လတ်လတ် အပယ်ခံနေရတယ်။ မွတ်စလင်ဖြစ်ရင်
၁၈၂၄ခုနှစ် မတိုင်မီက နေထိုင်ခဲ့ကြောင်း သက်သေထူခိုင်းတယ်။ တစ်ဖအေ၊ တစ်မအေက
မွေးချင်းအရင်းတောင် အကိုဖြစ်သူက မွတ်စလင်ဖြစ်ရင် ဘင်္ဂါလီနွယ်ဖွား
နိုင်ငံသားပြုဖြစ်သွားတယ်။ ညီဖြစ်သူက ဗုဒ္ဓဘာသာဖြစ်ရင် ဘာမှသက်သေ
ထူစရာမလိုတော့ဘူး။ အလိုအလျောက် မြန်မာတိုင်းရင်းသားစစ်စစ် ဖြစ်သွားကော။
ရုပ်ရှင်မင်းသား မောင်မောင်တာရဲ့ အဖြစ်အပျက်ပါ။ ဒီဖြစ်ရပ်မျိုးတွေက
တစ်နိုင်ငံလုံး ပြည့်နေပါတယ်။ ကိုမင်းကိုနိုင် ပြောတဲ့ နိုင်ငံသား
ဥပဒေဆိုတာ ဒါလားဗျာ။ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ တရုပ်ကပြားတွေကျတော့
မြန်မာတိုင်းရင်းသားစစ်စစ်ကြီးတင်မက ဖအေ၊ မအေ တရုပ်အစစ်၊ ဗိုလ်နေဝင်းက
ကနောင်မင်းဆက်တောင် ဖြစ်သွားတယ်။ မြန်မာတောင် ရိုးရိုးမြန်မာ မဟုတ်ဘူး။
ရှိခိုးခံရတဲ့ မြန်မာနော်။ တရုပ်နာမည် ရှုမောင်ကလည်း ရှုမဝတဲ့သားလေး မြန်မာ
ရှုမောင်ဖြစ်သွားတယ်။ ဘုန်းကြီးရူးနဲ့ လှေလူးလို တတ်လဲ တတ်နိုင်တဲ့ လူတွေပါ။
ကျောင်းတက်သည်အထိ မြန်မာနာမည်တောင် မရှိပါဘူးလို့ ကိုယ်တိုင်ဝန်ခံထားတဲ့
တရုပ်ဗိုလ်အောင်ကြီးလည်း ဗုဒ္ဓဘာသာကိုးကွယ်တော့ မြန်မာတိုင်းရင်းသားစစ်စစ်
ဖြစ်သွားကော။ မြန်မာဖြစ်သွားတဲ့ တရုပ်တွေ၊ တရုပ်ကပြားတွေက ဝန်ကြီးတွေလည်း
ဖြစ်လို့ရတယ်။ ဗိုလ်ချုပ်ကြီးတွေလည်း ဖြစ်လို့ရတယ်။
နောင်လည်းဖြစ်အုံးမှာတွေ အများကြီးဘဲ။ တရုပ်မျက်လုံးနဲ့ ကုလားအသားအရေရှိတဲ့
ဦးခင်ရီသာ ဗုဒ္ဓဘာသာမဟုတ်ရင် သူ့အဆက်အနွယ်တွေဟာ ၁၈၂၄ကတည်းက မြန်မာပြည်မှာ
နေထိုင်ခဲ့တယ်လို့ ဘယ်လိုသက်သေပြမလဲ။ ဦးအစ်စမိုင်ကမွေးတဲ့
ဦးသိန်းညွန့်လည်း ဗုဒ္ဓဘာသာဖြစ်တော့ မြန်မာဖြစ်၊ အမတ်ဖြစ်ပေါ့။
မွတ်စလင်ကမွေးတဲ့ ဘကြီးဘဖေတို့၊ ဦးသန့်တို့လည်း ဗုဒ္ဓဘာသာဖြစ်တော့
မြန်မာတိုင်းရင်းသား စစ်စစ်တွေပေါ့။ အဲ အစၥလာမ္ဘာသာကုိ
ပြောင်းလဲကိုးကွယ်တယ်ဆိုရင် ဖအေ၊ မအေ မြန်မာဖြစ်နေလျှက်နဲ့
ဘင်္ဂါလီသွေးရောလို့ ရေးထားတဲ့ မှတ်ပုံတင်ထုတ်ပေးတာကို အထောက်အထားနဲ့
ပြမယ်ဆိုရင် ကိုမင်းကိုနိုင် ဘာပြောချင်ပါသလဲ။ သဘောကျသည်ဖြစ်စေ၊
မကျသည်ဖြစ်စေ သုံးနေရအုံးမယ်လို့ ကိုမင်းကိုနိုင်က ဆိုလိုက်တဲ့ နိုင်ငံသား
ဥပဒေဆိုတာ ဒါလားဗျာ။ ၁၉၄၆ခု ဇန္နဝါရီလ (၁၇)က (၂၃)ရက်အထိ ရွှေတိဂုံအလယ်ပစ္စယံ
ဖဆပလညီလာခံမှာ လွတ်လပ်ရေးတိုက်ပွဲဝင် အဖွဲ့အစည်းပေါင်း (၁၅)ဖွဲ့
တက်ရောက်ပြီး မြန်မာမွတ်စလင်ကြီး ဦးဖေခင်တင်သွင်းတဲ့
ဆုံးဖြတ်ချက်အမှတ်(၇)ကြောင့် ပြည်ထောင်စုဆိုတာ ပေါ်ခဲ့ရတယ်။
ဆုံးဖြတ်ချက်(၇)ဟာ ပင်လုံရဲ့ မိခင်ဖြစ်တယ်။ ဆုံးဖြတ်ချက်(၇) မရှိရင် ပင်လုံ
မရှိဘူး။ ပင်လုံမရှိရင် ပြည်ထောင်စုဆိုတာ မရှိဘူး။
ဒီးဒုတ်ဦးဘချိုတင်သွင်းတဲ့ ဆုံးဖြတ်ချက်အမှတ်(၆)အရ
ကပြားမြန်မာ-မွတ်စလင်တွေကို ဗမာမွတ်စလင်(မြန်မာမွတ်စလင်)လူမျိုးရယ်လို့
ခေါ်ဝေါ်သတ်မှတ်ပြီး လူနည်းစုတိုင်းရင်းသား အခွင့်အရေးပေးကြောင်း
ချမှတ်ခဲ့တယ်။ မြန်မာမွတ်စလင်တွေကို နာမည်အမျိုးမျိုးနဲ့ ခေါ်ဝေါ်ခဲ့တဲ့
နှစ်တစ်ထောင်ကျော် သမိုင်းကို ဖျောက်လို့ရတယ်လို့ ကိုမင်းကိုနိုင်
ထင်ပါသလား။ ဒို့ဗမာအစည်းအရုံးရဲ့ ပထမဆုံးကြေငြာချက်(၁၉၃၀)မှာ “အို
ဗမာမွတ်စလင် အပေါင်းတို့ သင်တို့သည် ဗမာများပင် မဟုတ်လော” လို့ဆိုပြီး
လွတ်လပ်ရေးတိုက်ပွဲကို ဖိတ်ခေါ်ခဲ့တယ်။ ဗမာမွတ်စလင်တွေ အများအပြား
သခင်ဘွဲ့ခံကြရုံတင်မက ဒိုဗမာမွတ်စလင် အစည်းအရုံးဆိုပြီး
ထပ်အားဖြည့်လိုက်ကြသေးတယ်။ ဒီသမိုင်းကော ဘယ်နားထားမလဲ ကိုမင်းကိုနိုင်။
၂၀၁၂ခု စက်တင်္ဘာ(၉)ရက်နေ့ ရန်ကုန်မြို့ အိဒ်ပွဲတော်မှာ ဦးတင်ဦး(NLD
နာယကကြီး)က (၁) မြန်မာမွတ်စလင်တွေဟာ တိုင်းရင်းသားတွေဖြစ်တယ်။ (၂)
မြန်မာမွတ်စလင်တွေဟာ လွတ်လပ်ရေးအတွက် ရင်ဘောင်တန်း
တိုက်ပွဲဝင်ခဲ့သူတွေဖြစ်တယ်လို့ ပြောခဲ့တယ်။ ဘာကြောင့် အခုလို
ပြောခဲ့သလဲဆိုတာကို အသက်ထင်ရှား ရှိနေသေးတဲ့ ဦးတင်ဦးကို မေးကြည့်ပါလား
ကိုမင်းကိုနိုင်။ ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံစာချုပ် မချုပ်ဆိုမီ
ဖေဖေါ်ဝါရီ(၁၁)၊ ၁၉၄ရမှာ “အမျိုး ဘာသာ သာသနာကို စွဲပြီး ပြည်ထောင်စု
တည်ဆောက်လို့ မရဘူးဆိုပြီး တိုင်းရင်းသား မွတ်စလင်တွေကိုလည်း ထည့်သွင်း
မိန့်ကြားခဲ့တယ်။ ဒီသမိုင်းကိုကော ဘယ်လိုသဘောရသလဲ ကိုမင်းကိုနိုင်။ ၁၉၄၇
ရွေးကောက်ပွဲပြီးတော့ တိုင်းပြု ပြည်ပြု လွှတ်တော်အမတ်များ
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲစဉ်က ဗုဒ္ဓဘာသာကို
နိုင်ငံတော်ဘာသာပြုလုပ်ရေးကိစ္စ ဆွေးနွေးရာမှာလည်း “တိုင်းပြည်ကို
ကျွန်တွင်းက လွတ်မြောက်အောင် တိုက်ကြစဉ်က ကျနော်တို့ချည်း မဟုတ်ဘူး။
သူတို့(ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ)လည်း ပါတယ်။ အခုကျွန်တွင်းကတောင်
လွတ်မယ်မှ မကြံကြသေးဘူး။ သူတို့တွေပေါ်မှာ အနိုင်ကျင့်ပြီး
ငါတို့လူများစုဘာသာကို နိုင်ငံတော်ဘာသာလုပ်လိုက်ကြရင်” ဆိုပြီး
တားမြစ်ခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ကိုမင်းကိုနိုင်ရဲ့ အမြင်ကို
သိချင်ပါတယ်။ ခိုးဝင်လာသူမှန်သမျှ မောင်းထုတ်ရမှာပါ ကိုမင်းကိုနိုင်။
ဘင်္ဂါလီလည်း ခိုးဝင်လာရင် မောင်းထုတ်ပါ။ သို့သော် ဘင်္ဂလားဒက်က ရခိုင်တွေ
မြန်မာပြည်ထဲ အချိန်မရွေး တံခါးမရှိ၊ ဓါးမရှိဝင်ပြီး
မြန်မာတိုင်းရင်းသားလုပ်လို့ရမယ်ဆိုရင် မြန်မာနှင့်နယ်စပ်ချင်း ထိနေတဲ့
နိုင်ငံအားလုံးမှာ နှစ်ဖက်ခွနေတဲ့ တိုင်းရင်းသားတွေက သန်းရာကျော်
အနည်းဆုံးရှိပါတယ်။ သူတို့က မြန်မာပြည်ဖက်ကို ရခိုင်တွေလိုဘဲ
ကူးလာမယ်ဆိုရင် ကိုမင်းကိုနိုင် လက်ခံနိုင်ပါသလားဆိုတာကို သိချင်ပါတယ်။
နိုင်ငံသားဥပဒေကို ရခိုင်အတွက် သတ်သတ်၊ တစ်နိုင်ငံလုံးအတွက် သတ်သတ်
နှစ်မျိုးထားသင့်သလား ကိုမင်းကိုနိုင်။ ၁၉၄၇ခုနှစ် မြန်မာနိုင်ငံ
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ
မြန်မာမွတ်စလင်တွေကို ၁၉၇၄အရဘဲ ဖြစ်ဖြစ်၊ ၁၉၈၂ နိုင်ငံသားဥပဒေအရဘဲ
ဖြစ်ဖြစ်၊ ၂၀၀၈အရဘဲ ဖြစ်ဖြစ် နိုင်ငံသားအဖြစ်က ပြန်ပယ်ဖျက်ဖို့
အစိုးရလုပ်သူတွေတင်မက ဒီမိုကရေစီနည်းအရဆိုပြီး လူများစုသဘောအရပင် လုပ်လို့
ရနိုင်တယ်၊ လုပ်ခွင့်ရှိတယ်လို့ ကိုမင်းကိုနိုင်ထင်ပါသလား။ နိုင်ငံသား၊
တိုင်းရင်းသားဖြစ်ပြီးတဲ့ ရခိုင်ပြည်က မွတ်စလင်တွေကို ဘင်္ဂါလီဆိုပြီး
မောင်းထုတ်သင့်သလား ကိုမင်းကိုနိုင်။ သူတို့ကို အခြားနိုင်ငံသားတွေလို
တန်းတူဆက်ဆံဖို့၊ ကာကွယ်ပေးဖို့ လိုမယ်လို့ ကိုမင်းကိုနိုင် ယူဆပါသလား။
ဒုက္ခရောက်နေတဲ့ သူတို့ကို ရခိုင်အစွန်းရောက် လူ၊ ဘုန်းကြီး၊
နိုင်ငံရေးသမားတွေက အစည်းအဝေးတွေ ထိုင်၊ စာရွက်စာတန်းတွေ ထုတ်ပြီး
အခုထက်တိုင် လူသားမဆန်စွာ အစာရေစာ ဖြတ်၊ ဆေးဝါး ဖြတ်၊ အဆက်အဆံ ဖြတ်၊
အလုပ်အကိုင် အရောင်းအဝယ် ဖြတ်နေတာ တစ်နှစ်ပြည့်တော့ပါမယ်။
ကိုမင်းကိုနိုင်တို့ ရှစ်လေးလုံးအဖွဲ့က ဒီလိုမလုပ်သင့် မလုပ်အပ်ဘူးဆိုပြီး
ဘာဖြစ်လို့ မကန့်ကွက်ကြဘဲ ယနေ့တိုင် မသိချင်ယောင်ဆောင်
နှုတ်ပိတ်ရေငုံနေရတာလဲ ကိုမင်းကိုနိုင်။ သူတို့တွေ အများအပြားဟာ
မိုးထဲရေထဲမှာ တိရစ္ဆာန်ထက်တောင် ဆိုးဝါးတဲ့ အခြေအနေရောက်နေပါတယ်။ ရောဂါတွေ၊
အဟာရချို့တဲ့မှုတွေနဲ့ သက်ကြီးရွယ်အိုတွေ၊ ခလေးသူငယ်တွေ နေ့စဉ်သေနေကြရတယ်။
သူတို့အတွက် ကိုမင်းကိုနိုင်ရဲ့ စာနာစကားကို ကြားချင်ပါတယ်။
ကိုမင်းကိုနိုင်က “ကျွန်တော်တို့တိုင်းပြည်ထဲမှာ
ကျွန်တော်တို့တိုင်းပြည်ရဲ့ ၁၃၅-မျိုးသော ဘာသာစကားကို တစ်ခုမှမတတ်ပဲနဲ့၊
သူ့ဘာသာသူပြောနေတဲ့၊ သူ့ဘာသာတစ်ခုပဲတတ်တဲ့ လူမျိုးတွေအများကြီးရှိပါတယ်။”
ရိုဟင်ဂျာကို ဆိုလိုတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒိုင်းနက်က
တိုင်းရင်းသား(၁၃၅)မျိုး စာရင်းဝင်ဖြစ်ပါတယ် ကိုမင်းကိုနိုင်။
ဒိုင်းနက်တွေပြောတဲ့စကားနဲ့ ရိုဟင်ဂျာတွေပြောတဲ့စကား ၁၀၀% တူတယ်ဆိုတာ
ကိုမင်းကိုနိုင် သိပါသလား။ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ်
လက်မခံနိုင်ပါဘူး။ ဘာကြောင့် လက်မခံနိုင်တာပါလို့ သတ္တိရှိရှိ ပြောရင်
ပြောကြပါ။ ဒါဆို အဖြေရအောင် ဆွေးနွေးလို့ရနိုင်တယ်။ သို့သော်
ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ကြောင်းကို အစိုးရထုတ်စာစောင်တွေ၊ သတင်းစာ
မဂ္ဂဇင်းတွေ၊ ကျောင်းသုံးစာအုပ်တွေ၊ စွယ်စုံကျမ်းတွေ၊ မြန်မာ့အသံက ရိုဟင်ဂျာ
အသံလွှင့်ချက်တွေစတဲ့ ဖျောက်ဖျက်လို့ မရတဲ့ သမိုင်းအထောက်အထားတွေ
အခိုင်အမာရှိလျှက်နဲ့ ရိုဟင်ဂျာဟာ ဘယ်တုန်းကမှ တိုင်းရင်းသားအဖြစ်
အသိအမှတ်ပြု မခံခဲ့ရပါဘူးဆိုပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊
လွှတ်တော်အမတ်တွေ၊ နိုင်ငံရေး လူမှုရေး ဘာသာရေးခေါင်းဆောင်တွေက ဘာဖြစ်လို့
ဗြောင်လိမ်နေကြတာလဲဆိုတာ နားမလည်နိုင်အောင်ဖြစ်ရပါတယ် ကိုမင်းကိုနိုင်။
ကိုမင်းကိုနိုင် အမြင်ကို သိပါရစေလား။ မည်သို့ပင်ဆိုစေကာမူ
ကိုမင်းကိုနိုင်က မေလ(၂၅)ရက် နယူးယော့မှာ
“အဲဒီလောလောဆယ်မှာတော့နိုင်ငံသားဥပဒေအရ နိုင်ငံသား ဖြစ်/မဖြစ်..။
ဘိုးဘွားလက်ထက်ကတည်းက နေထိုင်လာပြီးတော့ နိုင်ငံသားစစ်စစ်ဖြစ်တယ်ဆိုရင်
ကျွန်တော်ရဲရဲတင်းတင်း အာမခံပါတယ်။ နိုင်ငံသားအခွင့်အရေးကို
အပြည့်ရသင့်တယ်လို့ ကျွန်တော်တို့ကိုယ်တိုင် ရပ်တည်ပေးမယ်။
သူ့အခွင့်အရေးအတွက် ကျွန်တော်တို့ကိုယ်တိုင် တိုက်ပွဲဝင်ပေးမယ်။”
ဆိုလိုက်တဲ့အတွက် ကျေးဇူးတင် ဝမ်းသာပါတယ်။ ဒီနေ့ မြန်မာမွတ်စလင်တွေဟာ
၉၉.၉၉၉၉၉%က ဘယ်နိုင်ငံကမှ ခိုးဝင်လာသူတွေ မဟုတ်ပါဘူး။ ဘယ်နိုင်ငံကိုမှ
ချစ်စရာ၊ ကာကွယ်စရာ၊ သေစရာ နိုင်ငံရှိသူတွေ မဟုတ်ကြဘူး။ ဘိုး ဘွား
စဉ်ဆက်နေထိုင်ကြသူ တိုင်းရင်းသားတွေချည်းပါ။ သို့သော် ကိုမင်းကိုနိုင်က
တစ်ဆက်တည်း ဆက်ပြောလိုက်တဲ့ “သို့သော်….အဲဒီ သို့သော်ရဲ့ နောက်မှာ
ပိုပြီးအရေးကြီးတဲ့အချက်ရှိပါတယ်။ “အခွင့်အရေးလိုချင်ရင်၊
တာဝန်ယူမှုရှိရမယ်။ ”ဘယ်ကိစ္စမျိုး မဆိုပါ။” ပြောကြားချက်ကိုတော့
သစ္စာစကားဆိုရရင် သိပ်မကြိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့
မြန်မာမွတ်စလင်တွေကို သံသယနဲ့၊ ဆန်းစစ်တဲ့အနေနဲ့ အခွင့်အရေးလိုချင်ရင်
တာဝန်ယူမှု ရှိရမယ်ဆိုတဲ့ စကားမျိုး ပြောနိုင်သူဟာ မြန်မာ့သမိုင်းမှာ
အရင်ကလည်း မပေါ်ပေါက်ဖူးဘူး။ အခုလည်း မရှိဘူး။ နောင်လည်း ရှိမယ်
မထင်လို့ပါဗျာ။ မြန်မာပြည်သား တိုင်းရင်းသား မွတ်စလင်တွေဟာ
နှစ်တစ်ထောင်ကျော် မြန်မာ့သမိုင်းမှာ မကြုံဘူးလောက်အောင်
မိတ်ဆွေနည်းပါးမှု၊ စာနာမှု ခေါင်းပါးမှုကို နိုင်ငံနဲ့အဝှမ်း
ယနေ့ကြုံတွေ့နေရတယ်။ ကျနော်တို့ရဲ့ သွေးချင်းတွေကို မေတ္တာရပ်ခံချင်တာ
ကျနော်တို့မှာ အားနည်းချက်ရှိတယ်ထင်ရင် အပြန်အလှန်လေးစားမှု အခြေခံပြီး
သွေးချင်းစိတ်နဲ့ ထောက်ပြကြစေချင်ပါတယ်။ ဧည့်သည်၊ အိမ်ရှင်ဆိုတဲ့
ပုံစံမျိုးတော့ မလုပ်ကြစေချင်ဘူး။ မလုပ်သင့်ဘူး။ လုပ်ခွင့် မရှိဘူး။
0 comments:
Post a Comment