အဆိုတော်မွန်းအောင် ပြည်ဝင်ခွင့်ဗီဇာအခက်ကြုံနေရပြီ။
အစောပိုင်းကတော့ ကောဠဟာလ လိုလိုနဲ့ အခုတော့ တကယ်ကြုံနေရပြီ.။
ပြီးခဲ့တဲ့လက ကဗျာဆရာ ချိုစိမ့် (ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မြစ်တော်စပ်သူ) ပြည်ဝင်ခွင့်ဗီဇာငြင်းပယ်ခံရတယ်။
အခုရက်ပိုင်းမှာပဲ အဆိုတော်မွန်းအောင်နဲ့ဇနီး ဘန်ကောက်က
ခရီးသွားအေးဂျင့်တခုကနေ ဗီဇာလျှောက်တော့ ငြင်းပယ်ခံရတယ်လို့သိရတယ်။
ဒါကြောင့် ကိုမွန်းအောင်တို့ လူကိုယ်တိုင် မြန်မာသံရုံးကို
တနင်္လာနေ့မနက်မှာသွားပြီး ပြည်ဝင်ခွင့်ဗီဇာရဖို့ ထပ်မံကျိုးစားကြည့်မယ်လို့
ပြောတယ်။
ကိုချိုစိမ့်ရော၊ ကိုမွန်းအောင်တို့ ဇနီးမောင်နှံပါ နော်ဝေးနိုင်ငံသားခရီးသွားစာအုပ်တွေ(ပတ်စ်ပို့စ်)ကိုင်ဆောင်ထားကြတာဖြစ်တယ်။
ကိုချိုစိမ့် ကိုတော့ ဘန်ကောက်အခြေစိုက်မြန်မာသံရုံးအမှုထမ်း စစ်သံမှုး ကခေါ်တွေ့ပြီး " နောက်ခံကိုယ်ရေးရာဇ၀င်အချက်အလက်တွေအရ ခွင့်မပြုနိုင်လို့ပါ" ဆိုပြီးငြင်းပယ်ခဲ့တဲ့အကြောင်း ကိုချိုစိမ့်က ပြောပြတယ်။
" အောက်တိုဘာ ဒုတိယအပတ်ထဲကျနော်ဘန်ကောက်ကိုသွားတယ်၊ ရောက်ပြီး နောက်တရက် သံရုံးမှာ ဗီဇာလျှောက်တယ်၊ ထပ်ချိန်းလို့ ၂ရက်အကြာသွားတဲ့အခါ စစ်သံမှုး ဦးလှဆွေလား ဦးမြင့်ဆွေလား မသိဘူး၊ အထဲမှာပြသနာတွေရှိနေတယ်၊ မင်းကိုခွင့်ပြုလို့ တခုခုဖြစ်ရင် မင်းအတွက်လည်း မကောင်းဘူး၊ ကိုယ်တို့ပါပြသနာပေါ်မယ်၊ ဗီဇာမပေးနိုင်လို့ဝမ်းနည်းပါတယ်လို့ပြောပါတယ်"
" အဲဒီစစ်သံမှုးကရိုင်းတယ်၊ ကျနော့်အပေါ် မောက်မောက်မာမာဆက်ဆံတယ်၊ မင်းက ရှုတ်လို့ ထောင်ကျတယ်၊ ထောင်ကလွတ်တော့ ရှုတ်လို့ နယ်စပ်ထွက်လာရတယ်၊ နယ်စပ်မှာလည်း ရှုတ်လို့ နိုင်ငံခြားထွက်သွားရတယ်လို့ ပြောတော့ ရှုတ်တယ်ဆိုတာဘာလဲလို့မေးတဲ့အခါ မင်းဖာသာမင်းဘာလုပ်သလဲသိနေတာပဲ မင်းက ငါ့ကိုပြန်မေးစရာလားလို့ ပြန်ငေါက်တယ်၊ ဒါနဲ့ကျနော်က အန်ကယ် ကျနော်အခု ဗမာနိုင်ငံသားစာအုပ်နဲ့လာတာမဟုတ်ဖူး၊ နော်ဝေးနိုင်ငံသားအနေနဲ့လာတာနော် လို့ပြောလိုက်တော့ သူမျက်နှာခတ်အမ်းအမ်းဖြစ်ပြီး နောက် ၂ရက် ၃ရက်နေလာကြည့်ပေါ့ကွာလို့ ပြောတယ်" လို့ သူ့အတွေ့အကြုံတွေကို ကိုချိုစိမ့်ကပြန်ရှင်းပြတယ်။
ကိုချိုစိမ့်ဟာ ဗီဇာရဖို့ ထပ်မံမကျိုးစားတော့ပဲ ဘန်ကောက်ကနေ နော်ဝေးကိုပြန်လာခဲ့တယ်လို့သိရတယ်။
အဆိုတော်ကိုမွန်းအောင်ကိုတော့ ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက ဘယ်လိုတုန့်ပြန်မလဲဆိုတာ စောင့်ကြည့်ရအုံးမှာပါ။
ကိုချိုစိမ့် ဗီဇာလျှောက်နေစဉ်ကာလက မြန်မာနိုင်ငံမှာ အာစီယံညီလာခံကျင်းပနေပြီး နိုင်ငံတကာ ခေါင်းဆောင်တွေ လာရောက်နေစဉ်နဲ့တိုက်ဆိုင်နေသလို အကြမ်းဖက်သမားတွေမြန်မာပြည်ထဲဝင်ရောက်မယ်ဆိုတဲ့သတင်းတွေနဲ့လည်း မြန်မာအာဏာပိုင်တွေက တပ်လှန့်ထားချိန်လည်းဖြစ်တာကြောင့် စိုးရိမ်ပူပန်မှုနဲ့ ယခင်က အစိုးရဆန့်ကျင်ခဲ့ဖူးသူတွေကိုဗီဇာမပေးခဲ့တာလည်းဖြစ်နိုင်ပါတယ်။
ထူးခြားတာတခုက ယခင် နော်ဝေးအခြေစိုက် ဒီဗွီဘီ သတင်းဌာနက ဒေါ်အေးအေးမွန်ကတော့ ဗီဇာရပြီး ပြည်ဝင်ခွင့်ရတယ်လို့ သတင်းကြားပါတယ်။
ဒါကြောင့် မနက်ဖန် တနင်္လာနေ့မှာ ကိုမွန်းအောင်တို့ဇနီးမောင်နှံကို မြန်မာအစိုးရက ဗီဇာမပေးဘူးဆိုရင် နော်ဝေးမှာနေတဲ့ မြန်မာပြည်ဘွား နိုင်ငံရေးတက်ကြွလှုပ်ရှားခဲ့သူတွေကို ပြည်ဝင်ခွင့်ဗီဇာငြင်းပယ်နေပြီဆိုတဲ့အဓိပ္ပါယ်ပဲဖြစ်တယ်။
လွန်ခဲ့တဲ့ လအနည်းကလည်း ၈၈ကျောင်းသားခေါင်းဆောင်ဟောင် ကိုမိုးသီးဇွန်နဲ့ ကိုမောင်မောင်ဝမ်းတို့ကို မြန်မာအစိုးရက ခိုင်လုံတဲ့အကြောင်းပြချက်မရှိပဲ ပြည်နှင်ဒါဏ်ပေးခဲ့ဖူးပါတယ်။
သမတဦးသိန်းစိန် အစိုးရတက်လာပြီး နောက် ၂၀၁၂လောက်မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအားလုံး( ရာဇ၀တ်မှု ကျူးးလွန်ခြင်းမရှိရင်) မြန်မာပြည်လာရောက်နိုင်တဲ့အကြောင်းပြောခဲ့သလို နော်ဝေးနိုင်ငံလာရောက်လည်ပတ်ခဲ့စဉ်ကလည်း သမတဦးသိန်းစိန်နဲ့ သူ့ရဲ့ ကက်ဘိနက်ဝန်ကြီး တချို့( ၀န်ကြီးဦးစိုးသိမ်း၊ ဦးရဲထွဋ်) က မြန်မာ့နိုင်ငံရေးကို အဝေး အမြင်နဲ့ မကြည့်ပဲ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်လေ့လာကြည့်ဖို့ ဖိတ်ကြားခဲ့ဖူးပါတယ်။
မြန်မာအစိုးရက ပြည်ပမှာနေထိုင်တဲ့ သူတို့ရဲ့အတိုက်အခံတွေကို အမှန်တကယ်စိတ်ထဲက ဘယ်လိုသဘောထားမျိုးထားရှိသလဲဆိုတာ မကြာခင် ကွဲကွဲပြားပြားသိရတော့မှာပါ..။
0 comments:
Post a Comment