အမှန်တရားကို လက်ခံပါ
ရခိုင်နယ် သမိုင်းကို အမှန်အတိုင်း ဖွင့်ချနေတဲ့ ကျွန်တော်အနေနဲ့-
သမိုင်းကို ချန်လှပ်ထားပြီး တင်ပြခြင်းဟာ လည်း မရိုးသားမှု အဖြစ်
လက်ခံပါတယ်။
ရခိုင်နယ်ရဲ့ မူလဘူတ လူမျိုးဟာ “ရိုဟင်ဂျာ” လူမျိုးများသာ
ဖြစ်ပါတယ်လို့ အတိအကျ ပြောဆိုနေတဲ့- ဒါဆိုရင် အဲ့ဒီ ရိုဟင်ဂျာ ခံယူသူတွေထဲက
တစ်ချို့လူတွေဟာ သူတို့ကိုယ်သူတို့ ဘာဖြစ်လို့ ဘင်္ဂလီ လို့ ပြောခဲ့သလဲ ဆို
တဲ့ ကိစ္စပါ။ ဟုတ်ပါတယ်- တစ်ချို့သော သူများက သူတို့ကိုယ်သူတို့ ဘင်္ဂလီလို့
ပြောဆိုပါတယ်။ ဒါဟာလည်း သမိုင်းမှာ ရှင်းစရာ ကိစ္စရပ်ပါ။
တစ်ကယ်တော့ ဘင်္ဂလီနဲ့ ရိုဟင်ဂျာ ဆိုတာ လုံးဝ မတူတဲ့ လူမျိုးနှစ်မျိုးသာ
ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေဟာ ရခိုင်ဘုရင်များပိုင်မြေထဲက
စစ်တကောင်းတောင်တန်းဒေသ ဒေသနေ လူမျိုးနဲ့ မျိုးနွယ်တူညီပါတယ်။ သမိုင်း
အမှန်အားဖြင့် စစ်တကောင်း တောင်တန်းဒေသ ဆိုတာလည်း မြန်မာလွတ်လပ်ရေး
မယူမှီထိ ရခိုင်ရဲ့နယ်မြေ တစ်ခုသာ ဖြစ်ခဲ့ပါတယ်။ ကရင်လူမျိုးအုပ်စုထဲမှာ
ပိုးကရင်၊ စကောကရင် စသည်ဖြင့် ကွဲပြားသလို စစ်တကောင်းဒေသ လူမျိုးနဲ့
မေယုဒေသ လူမျိုးဟာလည်း ကွဲပြားရှားနားနေပါတယ်။ သူတို့တွေဟာ ဘင်္ဂလီ
လူမျိုးများ လုံးဝမဟုတ်ပါ။ ဘာသာစကား၊ ဓလေ့၊ ယဉ်ကျေးမှု၊
ချက်ပြုတ်စားသောက်ပုံက အစ မတူညီမှုတွေ အများကြီး ဖြစ်နေပါတယ်။
ဒီလို မတူညီတဲ့ လူမျိုးစုလေး တစ်စုက (အခု ဘင်္ဂလားဒေ့ရှ်ရဲ့
အနောက်ဖက်အခြမ်းနဲ့ အိန္ဒိယထဲမှာ ပါဝင်နေတဲ့ ဘန်ဂေါပြည်နယ်) ဘန်ဂေါနယ်ကြီးက
လူတွေဟာ စစ်တကောင်း ဆိပ်ကမ်းမှာ လာရောက် လုပ်ကိုင်စား သောက်ခဲ့တယ်။ ၁၄ ရာစု
၁၅ ရောက်စုလောက်မှာ ရောက်လာတဲ့ အနောက်နိုင်ငံသားများက စစ်တကောင်း
ဆိပ်ကမ်းကိုကပ်တော့- သူတို့တွေ့ဆုံတဲ့ လူများဟာ ဘင်္ဂလီများ ဖြစ်နေတယ်။
ဒီတော့ စစ်တကောင်းနယ်ကို လည်း ဘင်္ဂလီများရဲ့ နယ်လို့ မှတ်တမ်းပြုခဲ့ကြပါတယ်။
ဒါဟာ သူတို့တွေ့တဲ့ လူတစ်စုကို အခြေခံပြီး ဆုံးဖြတ် ခဲ့ခြင်းသာ
ဖြစ်ခဲ့တယ်။
အဲ့ဒီ အနောက်နိုင်ငံသားတွေဟာ ရခိုင်နယ်က ဆိပ်ကမ်းတွေကို
ရောက်လာတော့လည်း- သူတို့တွေ့တဲ့ မွတ် ဆလင်များကို ဘင်္ဂလီများလို့
ရေးမှတ်ခဲ့တာတွေ ရှိလာပြန်ပါတယ်။ အဲ့ဒီ ခေတ်ကာလက ရခိုင်ဘုရင်များဟာ အစဉ်အလာ
ပိုင်ဆိုင်ထားလေ့ရှိတဲ့ စစ်တကောင်းနယ် အပြင် ဒက္ကား ဘင်္ဂလားနယ်ကိုပါ
ရံဖန်ရံခါ သိမ်းပိုက် အုပ်ချုပ်ထားတာ ရှိပြန်တော့-၊ သူတို့ရဲ့
အုပ်ချုပ်ရေးအောက်မှာ ရှိပြီး သူတို့ကို မပုန်ကန်တဲ့ လူတွေကို ဘင်္ဂလီ
ပြောပြော၊ အာရ်ကန်ဆိုဆို လူမျိုးရေး ဘာသာရေး ခွဲခြားနှိပ်ကွပ်ခဲ့တာ
မရှိခဲ့ဘူး။ ဒါတွေကြောင့် အနောက်နိုင်ငံ သားများက ဘယ်လို မှတ်တမ်းတင်တင်
ရိုဟင်ဂျာတွေဘက်က ထိခိုက်နစ်နာရတယ်လို့ မခံစားခဲ့ပါ၊ ဒီအတွက် လည်း
တုံ့ပြန်နေစရာ ဘာမှ မလိုအပ်ခဲ့ပါ။
၁၇၈၄ က ၁၈၂၄ ခုနှစ်များ အတွင်း ဗမာများက ရခိုင်နယ်ကို
ပြန်လည်ထိန်းချုပ်ဘို့ စစ်ဖြစ်တော့ ရခိုင်မှာ အကြီး အကျယ် လူသတ်ပွဲတွေ
ဖြစ်ခဲ့ရတယ်။ တနည်းအားဖြင့် ရခိုင်တွေက ဗမာကို အာခံတယ် ဆိုပြီးအကြီးအကျယ်
သတ်ဖြတ်ခဲ့တယ်။ ဒီအခါမှာ ရခိုင်ဘုရင်တပ်မှာ စစ်မှုထမ်းနေတဲ့
မွတ်ဆလင်စစ်သားတွေ အများကြီး သုံ့ပန်း အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းကို
ခံရသလို၊ ဗမာစစ်တပ်လက်က လွတ်မြောက်ဘို့ ဘေးကင်းရာ စစ်တကောင်း ဘက်ကို
ထွက်ပြေးရတဲ့လူများလည်း များစွာ ရှိခဲ့ပါတယ်။ ထွက်မပြေးနိုင်တဲ့
သာမန်လက်လုပ်လက်စား လူ တန်းစား အနေနဲ့ သူတို့ဟာ ရခိုင်များ မဟုတ်ပါ။
ဘင်္ဂလီများသာ ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ရပါတယ်။ (တနည်း အားဖြင့် ဗမာများကို
တိုက်ခိုက်တော်လှန်သူများ မဟုတ်ပါ- လို့ တောင်းပန်တဲ့ သဘောသာ ဖြစ်ပါတယ်။)
ဒီကစ သူတို့ဟာ အကြောက်တရားအောက်မှာ မိမိရဲ့ လူမျိုးအမည်နာမကိုပါ
ထိန်ဝှက်ထားခဲ့ရပါတော့တယ်။- ဒီ အမည်ထိန်ဝှက်မှုဟာ ဘိုးစဉ်ဘောင်ဆက်လို
ဖြစ်လာတော့-၊ အစွဲတစ်ခုလို ဖြစ်ခဲ့ရပါတယ်။
အင်္ဂလိပ် လက်အောက်ကို ဖြတ်သန်းရတဲ့ အခါမှာ အင်္ဂလိပ်က ရခိုင်နယ်ကို
ဘင်္ဂလားနဲ့ တွဲအုပ်ချုပ်တော့ သူတို့ ကိုယ်သူတို့ ပြောနေတဲ့ ဘင်္ဂလီ ဆိုတဲ့
စကားလုံးက သူတို့အတွက် ထိခိုက်မှု မရှိခဲ့ပြန်တော့-အလိုက်သင့်သာ
နေခဲ့ပြန်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးပြီ ဆိုမှ သူတို့ရဲ့
အမည်နာမကိုသူတို စတင်ဖေါ်ထုတ်ရဲလာပါတယ်။ ဒီကြားထဲမှာ ဦးနုလက်ထက်က
နိုင်ငံတော် ဘာသာကို ဗုဒ္ဓဘာသာ အဖြစ် သတ်မှတ်မယ် ဆိုပြန်တော့-၊ စာပေ
ဗဟုသုတနဲ့ နှစ်ပေါင်းများစွာ ပြတ်တောက်နေခဲ့ရတဲ့ သာမန်လူသားတွေ ခမြာ-၊
ငါတို့တော့ ဗမာနိုင်ငံထဲက လူမျိုးဖြစ်တဲ့ ရိုဟင်ဂျာ ဖြစ်တယ်လို့
ပြောလိုက်ရင်-၊ ငါတို့လည်း ဗုဒ္ဓဘာသာ လုပ်လိုက်ရတော့မှာပဲလို့ အကြောက်တရား
စိုးမိုးခဲ့ရပြန်ပါတယ်။ ဒီကြားထဲ ရခိုင်လို့ ခံယူသူများက
ခွဲထွက်ရေးထတောင်းနေပြန်တော့ အင်္ဂလိပ်မလာမှီ ဗမာ- ရခိုင် အရေးတော်ပုံကြီးက
သူတို့ကို တစ္ဆေခြောက်ခဲ့ရပြန်ပါတယ်။ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာ
ဖြစ်ကြောင်း ဖွင့်ပြောလိုက်ရင်-ငါတို့ကို မျိုးပြုတ်သတ်ဖြတ်တော့မှာပဲ
ဆိုတဲ့ အကြောက်တရားကို ထိန်းမနိုင် ဖြစ်ခဲ့ရပြီး-၊ အကြောက်တရားအောက်မှာ
ဖြစ်ချင်ရာဖြစ်- ငါတို့ဟာ “ဘင်္ဂလီ” ဖြစ်တယ်လို့ ပြောနေရ ခြင်းသာ
ဖြစ်ခဲ့ပါတယ်။ တစ်ကယ်တော့ သူတို့ကိုယ်သူတို့ ဘင်္ဂလီ မဟုတ်ဘူး ဆိုတာ
နာလည်ပြီးသား ဖြစ်နေ တယ်။
နှလုံးသားရှိတဲ့၊ ရိုသားတဲ့၊ အမှန်ကို အမှန်အတိုင်း ဖြစ်စေချင်တဲ့
သမိုင်းပညာရှင်တွေ အနေနဲ့ ဒီအချက်တွေကို စနစ်တကျလေ့လာစေလိုပါတယ်။ ငါတို့သာ
ဗမာနိုင်ငံသားလို့ ခံယူလိုက်ရင် ငါတို့တော့ ငါတို့ရဲ့ မိရိုးဖလာ ဘာသာလေးကို
စွန့်ပြီး ဗုဒ္ဓဘာသာကို ပြောင်းရချည်ရဲ့ ဆိုတဲ့ အကြောက်တရားကြောင့်
ဦးနုလက်ထက်မှာ နိုင်ငံ ခြားသား FRC ကိုသာ ယူခဲ့တဲ့ လူတစ်ချို့လည်း
ရှိနေတယ်။ ဒါတွေအားလုံးရဲ့ အထောက်အထားတွေဟာ မပျောက်ပျက်သေးပါ။ သမိုင်းသက်သေ
အဖြစ် ရှိနေဆဲပါ။
ဗျူ-ဗမာများက ရခိုင်အမည်ခံ မြိုလို့ ရခိုင်ဒေသရဲ့ မူလဘူတ လူမျိုး
“ရိုဟင်ဂျာ”တွေ ပျောက်ကွယ်မသွားသေး သလို၊ အကြောက်တရားကြောင့် ဘင်္ဂလီ ပါလို့
ပြောဆိုနေရလို့လည်း “ရိုဟင်ဂျာ”များ ပျောက်ကွယ်သွားခြင်း မရှိပါ။
“ရိုဟင်ဂျာ”ဟာ “ရိုဟင်ဂျာ” ပဲ ဖြစ်ပါတယ်။ ရခိုင်နယ်ကို စတင်ထိုးဖေါက်လာတဲ့
နိုင်ငံခြားသားတို့ မှတ် တမ်းများက ရခိုင်နယ်မှာ ရခိုင်ဘုရင်များ
အုပ်ချုပ်စဉ်ကတည်းက သူတို့ဟာ ဌာနေလူမျိုး “ရိုဟင်ဂျာ” ရယ်လို့
သမိုင်းမှတ်တမ်းရှိနေပြီးသား ဖြစ်ပါတယ်။
ဖုံးမရနိုင်လို့ တစ်ချို့ပညာရှင်ခံယူသူများ လက်ခံပေမယ့်-၊ ဒါကို
နိုင်ငံရေးအရ မသုံးသင့်ဘူး ဆိုတဲ့ စေဒကနဲ့ ပြန်လည်ချေပတာမျိုးကိုလည်း
တွေ့ရပြန်ပါတယ်။ အတော့ကို အံ့သြစရာ ကောင်းတဲ့ စောဒကသာ ဖြစ်ပါတယ်။
ဘယ်ရိုဟင်ဂျာ လူမျိုးက ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမကို နိုင်ငံရေးအရ
သုံးနေပါသလဲ-၊ ဘယ်ရိုဟင်ဂျာတွေက အထူးအခွင့်အရေး တောင်းဆိုနေပါသလဲ။
ဘယ်ရိုဟင်ဂျာ လူမျိုးက ခွဲထွက်ရေးတောင်းဆိုနေပါသလဲ။ တိကျ သေချာတဲ့
အထောက်အထားနဲ့ ဖြေရှင်းဘို့ လိုပါမယ်။ သူတို့သည် ဌာနေတိုင်းရင်းသား
ဖြစ်လို့၊ ဌာနေတိုင်းရင်း သား အဖြစ် အသိအမှတ်ပြုပေးပါ ဆိုတဲ့
အမှန်တရားကိုသာ တောင်းဆိုနေခြင်း ဖြစ်ပြီး-၊ သူတို့ကို အခြားသော
မြန်မာနိုင်ငံသားများကဲ့သို့ တန်းတူညီမျှ အခွင့်အရေး ပေးပါလို့သာ
တောင်းဆိုနေခြင်းများသာ ရှိပါတယ်။ ဒီလို တောင်းဆိုမှုဟာ နိုင်ငံတစ်ခုရဲ့
ဥပဒေကို ချိုးဖေါက်ခြင်း ဖြစ်ပါသလား။ နိုင်ငံတော်ကို သစ္စာဖေါက်နေခြင်း
ဖြစ်ပါ သလား-ဆိုတာတော့ ဖြေကြားပေးဘို့ လိုပါလိမ့်မယ်။
မြန်မာနိုင်ငံထဲမှာ ၁၈၂၃ နောက်ပိုင်းမှ ၀င်လာတဲ့ လူမျိုးစုတွေ
ရှိနေပါတယ်။ သူတို့ကိုတော့ ၁၉၈၂ ခု ဥပဒေ အကြောင်းထည့်မပြောတော့ဘဲ-
တိုင်းရင်းသား အဖြစ် သတ်မှတ်ပေးထားတာတွေ ရှိနေပါတယ်။ (အဲ့ဒီတိုင်း
ရင်းသားတွေနဲ့ ပြသနာ မဖြစ်လိုလို့ တိုင်းရင်းသား အမည်နာမကို
ထည့်မပြောခြင်းပါ။) လက်ရှိအစိုးရနဲ့ မြန်မာ့ နိုင်ငံရေးသမားတွေဟာ
ကိုယ့်နိုင်ငံထဲမှာ လောလောဆယ် သတ်မှတ်ထားတဲ့ တိုင်းရင်းသား တစ်ခုချင်းရဲ့
သမိုင်းကို လေ့လာပြီးလောက်ပြီလို့ ထင်ပါတယ်။ အခုလောက် ဖေါ်ပြောရင်
သူတို့သိလောက်မှာပါ။
အမှန်ကို အမှန်အတိုင်း ၀န်မခံဘဲ-၊ ဘာသာမတူတဲ့ အကြောင်းပြချက်နဲ့
တစ်ဘက်သတ် မတရားလုပ်နေမယ် ဆိုရင်–၊ မြန်မာနိုင်ငံ အတွက် အနာဂါတ် အလားအလာ-
မကောင်းလှပါ။ ပကတိဖြစ်တည်မှုနဲ့ သမိုင်းမှန်ကို လက်မခံတဲ့ ဘယ်နိုင်ငံမဆို
ပြိုကွဲပျက်စီးရခြင်းက ကင်းလွတ်တဲ့ နိုင်ငံမရှိခဲ့ပါ။ ဒီအချက်ကို
ခေါင်းမာလှချည်ရဲ့ ဆိုတဲ့ အစ္စရေးလ်နိုင်ငံတောင် ဒီနေ့လက်ခံနေပါပြီ။
မြန်မာနိုင်ငံကို ချစ်တဲ့ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်များ လည်း အသိနောက်မကျစေလိုပါ။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန်ပြည်ထောင်စု
0 comments:
Post a Comment