Home

Sunday, March 31, 2013

သမ္မတလား မာဖီးယားလား

                                                သမ္မတလား မာဖီးယားလား

မျက်ကန်းမျိုးချစ် လူသတ်ဂိုဏ်း ဗုဒ္ဓ၀ါဒီတွေဟာ သူတို့ စီမံချက် ချထားတဲ့အတိုင်း မွတ်ဆလင်တွေကို မြန်မာပြည်ထဲက အပြီးပိုင်မောင်းထုတ်ဘို့ မျိုးပြုသုတ်သသင်ဘို့ လုပ်ငန်းစဉ်ကို ၂၀၁၂ ခု ဇွန်လ ကတည်းက တစ်ကွက်ချင်း စနစ်တကျ လုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာနဲ့ အာဏာကို လက်ကိုင်ထားတဲ့ သမ္မတအဖွဲ့ကိုယ်တိုင်က လူသတ်ကောင်များကို စနစ်တစ်ကျ ဟပေး၊ ဆွပေး၊ ဖုံးပေး၊ ကာပေး ခဲ့ပါတယ်။
မျက်ကန်းမျိုးချစ်ဂိုဏ်းရဲ့ခေါင်းဆောင်ဟာ နိုင်ငံတော် သမ္မတကိုယ်တိုင် ဖြစ်နေပါတော့တယ်။ သမ္မတဟာ သမ္မတ အလုပ်ကို မလုပ်ဘဲ သူ့သမ္မတသက်တမ်းမှာ ကမ္ဘာကို မျက်နှာချိုသွေးပြီး မွတ်ဆလင်မျိုးဖြုတ်သုတ်သင် ရေးကိုပဲ လုပ်သွားမယ် ဆိုတာ အဖြေပေါ်နေပါပြီ။
ကမ္ဘာကျော် ရခိုင် တောင်ကုတ် အကြမ်းဖက် သတ်ဖြတ်မှုကြီးကို အော်ကြဟစ်ကြတော့-၊ ဖုံးမနိုင် ဖိမရတဲ့ အဆုံး ဖမ်းပေးပါမယ်၊ ဆီးပေးပါမယ်၊ အရေးယူပေးပါမယ်- ဆိုပြီး သမ္မတရုံးကိုယ်တိုင်က ကတိတွေ ပေးခဲ့ တယ်။ ပြီးတော့ ကလိန်ကကျစ်နဲ့ ယောက်ျားကတိကို ဖျက်ခဲ့တယ်။ အဲ့ဒီ အမှုကို ဖုံးဘို့ ရခိုင်နယ်ရဲ့ ပထမဆုံး မျိုးတုံး သတ်ဖြတ်မှုကြီးကို စတင်အကောင်အထည် ဖေါ်လိုက်တယ်။ ကမ္ဘာ့အသိုင်းအ၀ိုင်းက ဟော်ဟစ်ပြန် တော့ ခဏလေး ငြိမ်နေပေးလိုက်ပြန်တယ်။ ပြီးတော့ သမ္မတကိုယ်တိုင်က မဆင်မခြင်ဘဲ-သူ့ရဲ့ မွတ်ဆလင်မုန်း စိတ်ဓါတ်ကြီးကို ဖေါ်ပြတဲ့ အနေနဲ့ ဒီလူတွေဟာ နိုင်ငံခြားက ကျူးကျော်လာသူတွေ ဖြစ်ပြီး တတိယနိုင်ငံကို ပို့ပေးမယ် ဆိုတဲ့ ကမ္ဘာကျော် မဟာစကားကြီးကို ပြောခဲ့ပြန်တယ်။ ကမ္ဘာက ၀ိုင်းဖိတော့- စကားတွေကို ပြင်ပြီး ကုလသမဂ္ဂမှာ နောက်နောင်ဒီလို မဖြစ်စေရဘူးလို့ ဒုတိယမိ ကတိပေးခဲ့ပြန်တယ်။ ကုလသမဂ္ဂမှာ ပြောတဲ့ စကားလုံး လေထဲကပြန့်လွင့်လို့ မြန်မာပြည်တောင် မရောက်သေးဘူး-၊ ကတိတည်တဲ့ အနေနဲ့ ရခိုင်နယ်မှာ အကြီးအကျယ် မျိုးပြုတ်သတ်မှုကို ဆက်လက် အကောင်အထည်ဖေါ်ခဲ့ပါတော့တယ်။
အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ဒုက္ခသည်တွေကို camp တွေထဲမှာ အစာရေစာ၊ ဆေးဝါး ပြတ်လတ်ပြီး အခြောက်တိုက် သေသွားအောင် စနစ်တကျ အကွက်ချစီမံနေခဲ့တယ်။ ကမ္ဘာ့အသိုင်းအ၀ိုင်းက ဒီလူတွေအတွက် ကူညီမယ့် အကူအညီတွေကို နည်းမျိုးစုံနဲ့ ပိတ်ဆို့ထားပြီး- ဖြတ်လေးဖြတ်ပုံစံ သေဆုံး မျိုးပြုတ်သွားစေဘို့ သွေးအေးအေး နဲ့ ရက်စက်ယုတ်မာခဲ့ပါတယ်။ ဒီအကိစ္စအတွက် အရေးကြုံရင် ထိုးကျွေးဘို့ရာ ရခိုင်မျက်ကန်းခွဲထွက်ရေးဝါဒီ တွေကို အရံသင့်ကာထားပေးလိုက်တယ်။ သမ္မတရဲ့ မွတ်ဆလင် မျိုးပြုတ်သတ်ဖြတ်ရေး စီမံချက်ဟာ ရခိုင်မှာ အောင်မြင်သွားခဲ့ပါတယ်။ လောလောဆယ် camp တွေထဲမှာ ဒီလူတွေ ရှိနေပေမယ့်-၊ နောက်ထပ် ၆ လ လောက် ပိတ်ထားလိုက်ရင် ဒီလူတွေ သေကုန်မယ်- သို့မဟုတ် ပင်လယ်ပြင်ကို ဖြတ်ပြီး ထွက်ပြေးကုန်မယ် ဆိုတာကို သူတွက်ပြီးသားပါ။ (ကျန်နေတဲ့ လူနည်းစုလေးကိုတော့ အပြထားပြီး ဖိနှိပ်ခံ ကျေးကျွန်လူတန်းစား သဖွယ် လုပ်ထားလို့ ရပြီလို့ သမ္မတ တွက်ထားပုံ ရပါတယ်။)
ဒီလောက်ကြီးကျယ်တဲ့ ရခိုင်နယ် မျိုးပြုတ်သတ်ဖြတ်မှုကြီးအတွက် ထိထိရောက်ရောက် အရေးယူပါမယ် ဆိုတဲ့ ကတိတွေဟာ တစ်ခုမှ အကောင်အထည် ပေါ်မလာခဲ့တော့ဘဲ-။ မြန်မာပြည်မထဲမှာ မွတ်ဆလင် မျိုးပြုတ်သုတ် သင်ရေးကို စတင်လိုက်တော့တယ်။
ဒီမှာ သမ္မတနဲ့ အဖွဲ့ဟာ သူတို့လက်သပ်မွေး အုပ်စုကို ဆက်သုံးပြီး ဥပဒေစိုးမိုးရေးကို တာဝန်ယူထားရတဲ့ ရဲ တွေကို လက်ပိုက်ကြည့်နေစေဘို့ ကြိုတင်စီမံချက်တွေနဲ့ စီစဉ်ခဲ့ကြောင်း လူတိုင်းသိနေတဲ့ ကိစ္စပါ။
နိုင်ငံတော်ထိခိုက်နစ်နာမှာကို တစ်ကယ်စိုးရိမ်တဲ့ တိုင်းချစ်ပြည်ချစ်များ၊ မိမိသာသနာ သိက္ခဂုဏ်ငယ်သွားရမှာ ကို စိုးရိမ်တဲ့ ရဟန်းရှင်လူ ပြည်သူ အစစ်များက မသင့်တော်တော့ဘူး ဆိုတဲ့ စိတ်မျိုးနဲ့ ပါဝင်ပတ်သက်လာတော့ မှ ဖမ်းပေးပါမယ်- ဆီးပေးပါမယ်၊ အရေးယူပေးပါမယ် ဆိုပြီး ကတိတွေ စွပ်ပေးလိုက်ပြန်ပါတယ်။ ပြီးတော့ သမ္မတရုံးက ဒီကိစ္စမှာ မပတ်သက်ရပါဘူး ဆိုပြီး ဗြောင်ခံငြင်းလိုက်ပြန်တယ်။ ခံငြင်းရပေါင်းလည်း များခဲ့ပါပြီ။ ကမ္ဘောဒီးယားကို သမ္မတဆိုသူ သွားစဉ်က အင်ဒိုနီးရှား သမ္မတကြီးရဲ့ ရှေ့မှာလည်း“ကျွန်တော်တို့ အစိုးရ မပါရ ပါဘူး” ဆိုပြီး တောင်းပန်ကာကွယ်ခဲ့ရတာ လူတိုင်းသိနေပါတယ်။
မွတ်ဆလင်ဆန့်ကျင်ရေးနဲ့ မွတ်ဆလင်များကို သုတ်သင်ဘို့ မြှောက်ပင့်သွေးထိုးစာများကို သမ္မတရုံးတာဝန်ခံ များရဲ့Face Book များက ပေါ်တင် ထုတ်ဝေခဲ့တာများ-၊ မွတ်ဆလင်တွေကို သတ်ဖြတ်သုတ်သင်ဘို့၊ မွတ်ဆလင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးဘို့ မြန်မာပြည်တစ်လွှား ဗြောင်တိုက်ပြီး လှုံ့ဆော်ခဲ့တာ၊ နိုင်ငံပတ် စည်းရုံးခဲ့တာများ၊ ဘယ်မြို့ ဘယ်ဒေသကို ဘယ်နေ့မှာ ဖျက်ဆီးပစ်မယ်လို့ ကြိုတင်ရာဇသံပေးခဲ့တာများကို သမ္မတဆိုသူက မသိခဲ့ဘူး၊ မကာကွယ်နိုင်ခဲ့ဘူး ဆိုတာများဟာ ဘယ်လို မျက်နှာနဲ့ ကမ္ဘာကို ပြောရဲသလဲ အံ့သြဘို့တောင် ကောင်းနေပါတယ်။ (ဒီလောက်မှ အသုံးမကျရင်လည်း သမ္မတနေရာက ဖယ်ပေးလိုက်ဘို့ သင့်နေပါပြီ၊) လုပ်ချင်တဲ့ ကိစ္စတစ်ခုကို လုပ်ပြီးသွားတိုင်း-၊ အရေးယူပေးပါမယ် ကတိပေးလိုက် ကမ္ဘာကို လိမ် လိုက်-၊ အကြိမ်ပေါင်းလည်း များခဲ့ပြီ။ ဒီနေ့ထိလည်း ထိပ်သီး ရာဇ၀တ်ကောင်များကို အရေးမယူဘဲ လွှတ်ပေး ထားတာ တစ်ကမ္ဘာလုံးက မျက်လုံးနဲ့ မြင်နေပါတယ်။ နောက်ဆုံး မတတ်သာရင် တောနယ်တွေက ရိုးရိုးအေး အေးနေတဲ့ ရဟန်းသံဃာတွေကို အကြောင်းပြဖမ်းဆီးပြီး-၊ ဒီလူတွေဟာ သင်္ကန်းဝတ်တွေ တရားခံအစစ်တွေ လို့ အကြောင်းပြကာ ဓားစာခံလုပ်လိုက်မှာလည်း သေချာနေပါတယ်။ လက်သပ်မွေး သင်္ကန်းဝတ်တွေကိုတော့ မသိမသာ အရောင်ဖျောက်ပေးထားလိုက်တော့မယ် ဆိုတာလည်း သိနေပါတယ်။
သူမွေးထားတဲ့ မျက်ကန်းမျိုးချစ် လူယုတ်မာတစ်ခုနဲ့ မွတ်ဆလင်တွေကိုလည်း မျိုးဖြုတ်မယ်၊ ဗုဒ္ဓဘာသာကို လည်း နာမည်ပျက်ချင်ပျက်ပါစေ- ဆိုတဲ့ မူနဲ့ သင်္ကန်းဝတ်ခေါင်းဆောင် ဦးဉာဏိသရကို ထောင်ကျနေတဲ့ ဘုန်း ကြီးတွေထဲက ၀ီရသူအပါအ၀င် သင်္ကန်းဝတ် ၆ ယောက်ကို ပုခုံးကိုင် လူရွေးပြီး ထုတ်ပေးခဲ့တာ။ မွတ်ဆလင် မုန်းတီးရေး သင်တန်းတွေပေးခဲ့တာ-၊ ရဟန်းသံဃာအစစ်များက သိနေခဲ့ပြီးသားပါ။ ရဟန်းသံဃာအစစ်တွေမှာ ဒီကိစ္စရပ် တွေကို ဒီနေ့ထိ လူသိရှင်ကြားပြောခွင့်မရသေးပေမယ့်-၊ တစ်ချိန်မှာ ပေါ်လာပါလိမ့်မယ်။ ဘော်လုံး လောင်း ကစားသမား ရွှေည၀ါကိုလည်း သိဒ္ဓိတွေ တင်ပေးပြီး- မွတ်ဆလင် ဆန့်ကျင်ရေးတွေ လုပ်ဆောင်ဘို့ အကွက်ကျကျ မြှောက်ပေးခဲ့တာ-၊ အားလုံးက မာဖီးယား အကွက်များသာ ဖြစ်ပါတယ်။ သုံးချင်တိုင်း သုံးပြီးရင် ရွှေည၀ါကိုလည်း လောင်းကစားမှုနဲ့ ထောင်ထဲပို့လိုက်မယ်၊ ၀ီရသူကလည်း သူမှာ ရထားပြီး ဖြစ်တဲ့ ဒဏ်ရာနဲ့ သေသွားလိမ့်မယ်- ဆိုတဲ့ အကွက်များက အင်မတန်ကလေးဆန်တဲ့ အကွက်တွေ ဖြစ်နေပါတယ်။ (သူ့ဒဏ်ရာ နဲ့သူ မကြာမှီသေးသွားတော့မယ့် ၀ီရသူကို အစိုးရကိုယ်တိုင်က သတ်ပစ်ပြီး မွတ်ဆလင်တွေက သတ်ပါတယ် လို့ သတင်းထုတ်ချင်လည်း ထုတ်ပြန်ဦးမယ်။)
ဒီတော့–၊ တိုင်းပြည်မှာ အာဏာယူထားတဲ့ ကြံ့ဖွံ့ပါတီကိုယ်တိုင်က မိမိတို့ ပါတီက တင်ပေးထားတဲ့ သမ္မတ နဲ့ သမ္မတကိုယ်တိုင်က သူ့သဘောနဲ့သူ ဖွဲ့ထားတဲ့ သမ္မတရုံး အဖွဲ့ဆိုတာ-၊ သမ္မတအလုပ်ကို တစ်ကယ်လုပ် နေသလား၊ မာဖီးယား အလုပ်ကို လုပ်နေသလား-၊ ဆိုတာ စဉ်းစားသင့်ပါတယ်။ သူ့ကို သမ္မတလုပ်ဘို့ ခွင့်ပြု ထားတဲ့ သက်တမ်းမှာ အချိုသပ်ပြီး တိုင်းပြည်ကိုလည်း ဖျက်ဆီးမယ်၊ ကြံ့ဖွံ့ပါတီရဲ့ ဂုဏ်သိက္ခာကိုလည်း ဖျက် ဆီးမယ်-၊ ဗုဒ္ဓဘာသာ ဂုဏ်သိက္ခာကိုလည်း ဖျက်ဆီးမယ်၊ ဆိုရင်တော့—၊ ကြံ့ဖွံ့ပါတီဟာ ရည်မှန်းထားသလို အာဏာသက်ဆိုးရှည်ဘို့ မရှိတော့ပါ။ ဒီတစ်ကြိမ်စစ်တပ်က ပြန်လည် အာဏာသိမ်းရင်တော့- ကြံ့ဖွံ့ပါတီဟာ လည်း ရှေးက မဆလ ပါတီလို ဖြစ်သွားရမှာ သေချာနေပါတယ်။ မြန်မာနိုင်ငံမှာ ဗမာ-ဗမာချင်း မျက်နှာထောက် ခဲ့တဲ့ သမိုင်းက ဒီနေ့ထိ မရှိသေးတာတော့ သေချာပါတယ်။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြန်ထောင်စု

0 comments:

Post a Comment

ကြော်ငြာကဏ္ဍ