မြန်မာနိုင်ငံအတွင်းမှာ လူနည်းစု မျိုးနွယ်တွေအတွက် တိုင်းရင်းသား
ဆိုတဲ့ စကားလုံးကို သုံးပြီး တိုင်းရင်းသား ရောဂါ တစ်ရပ်ကို
ပီပီပြင်ပြင်ထည့်ထားပြီး လူများစု ဖြစ်နေတဲ့ ဗမာတွေကတော့ သူတို့ကိုယ်သူတို့
တိုင်းရင်း ဆိုတဲ့ ဝေါဟာရ ရဲ့ အပြင်ဘက်က ရပ်တည်နေတယ်။ ပြီးတော့
နိုင်ငံသား၊ တိုင်းရင်းသားတွေထက် အဆ ပေါင်း များစွာ ကွာဟတဲ့ နိုင်ငံသား
အခွင့်အရေးကို အပြီးသပ်ဆုပ်ကိုင်ထားပါတယ်။ ဒီနေရာမှာလည်း ဗမာ ဗုဒ္ဓ များ
အတွက် အထူးသီးသန့် မဟာအခွင့်အရေးကို စာရွက်စာပေ ဥပဒေပြုထားခြင်း
မဟုတ်ဘဲလျှက် လူတွေရဲ့ အထင်အမြင်စိတ်မှာ ကိန်းဝပ်နေအောင် ဖန်တီးထားတဲ့
စနစ်မျိုးနဲ့ ကျင့်သုံးထားခြင်း ဖြစ်နေပါတယ်။ တစ်ကယ် တမ်းကျတော့ ဗမာ
ဗုဒ္ဓဘာသာ လူထုကြီးတစ်ရပ်လုံးလည်း ခံစားရတဲ့ အခွင့်အရေး မဟုတ်ပါ။ အထင်အမြင်
သာ ခံစားနေရပြီး အာဏာရူး၊ အာဏာမက် တစ်စု အတွက်သာ သီးသန့်ဖန်တီးထားတဲ့
အခွင့်အရေး တစ်ရပ် ဖြစ်နေခြင်းပါ။ ဒါတွေကို ဗမာလူထု မြင်လာပြီး
ထိမ်းမရနိုင်တဲ့အခါ-ပြုပြင်ပြောင်းလဲရေး ဆိုတဲ့ စကားလုံးနဲ့ ဗမာ ဗမာချင်း
စုစည်းဘို့ ဖန်တီးလိုက်ပါတယ်။
တိုင်းရင်းသား ဆိုတဲ့ အမည်နာမကို ရရှိထားတဲ့ လူနည်းစု တစ်စုချင်းစီဟာ
မိမိတို့အနေနဲ့ မြန်မာနိုင်ငံတစ်ခု လုံးကို ဘုံပိုင်ဆိုင်တယ်၊
မြန်မာနိုင်ငံဟာ မိမိတို့ရဲ့ မြေ၊ မိမိတို့ရဲ့ နိုင်ငံဆိုတာကိုပါ
မေ့လျှော့နေစေပြီး- ငါတို့ တိုင်းရင်းသား နာမည်ရ နယ်မြေလည်း တစ်ခုတည်းနဲ့
မိမိရဲ့ နာမည်တူ လူစုလေး တစ်စုအတွက်သာ စဉ်းစား နေစေအောင်လည်း အာဏာရှင်တွေက
ဖန်တီးထားနိုင်ခဲ့ပါတယ်။ အခုအချိန်ထိလည်း ဒီအာရုံ ဒီစိတ်ဓါတ်ကို
ဖျောက်ဖျက်ဘို့ သတိမရနိုင်တဲ့ အခြေအနေမှာ ရှိနေပါသေးတယ်။ ဒါပေမယ့်- အကယ်၍သာ
ဗမာ ဗမာချင်း ညီညွတ်ပြီး ဗမာ ဗမာချင်း အားပြိုင် ရွေးကောက်တဲ့
ဗမာလူမျိုးအတွက် ဒီမိုကရေစီ စနစ်ကို ထူထောင်နိုင်ခဲ့ရင် ကမ္ဘာက လူမျိုးကြီး
မျက်ကန်းဝါဒီတွေဟာ သူတို့ နာမည်ပေးခဲ့တဲ့ တိုင်းရင်းသားတွေ အတွက်
စိုးစဉ်းမျှ စဉ်းစားပေးဘို့ မရှိခဲ့ပါ။ သို့သော် ကမ္ဘာ့ အသိုင်းအ၀ိုင်းက
ပြောဆိုတဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ဆိုတာမှာ ပြည်တွင်းစစ်
ရပ်စဲနိုင်ရေးနဲ့ လူလူချင်း တန်းတူညီမျှအခွင့်အရေးလည်း က အဓိက
သော့ချက်ဖြစ်နေတော့ တိုင်းရင်းသားလို့ ခေါ်ခံနေရတဲ့ လူနည်းစုမျိုးနွယ်တွေနဲ့
အဆင်ပြေအောင် တည်ဆောက်ရေးကို ဗမာမျိုးချစ် တွေ မချစ်သော်လည်း အောင့်ကာ
နမ်းရပြန်ပါတယ်။ တစ်ကယ်တော့ သူတို့ထင်မြင်နေတဲ့ မဟာလူမျိုးကြီး ဆိုတဲ့
ဗမာတွေဟာ ဆင်းရဲမွဲတေမှု၊ ပညာမဲ့မှု၊ နိုင်ငံတစ်ကာကို ထွက် ကျွန်ခံရမှု တွေက
ဆထက်ထမ်းပိုး တိုးလာနေပြီး အဖတ်ဆယ်မရအောင် စုတ်ပြတ်သွားလို့သာ
နိုင်ငံတစ်ကာမှာ Good Credit ရလာမလားလို့ နိုင်ငံတစ်ကာကြိုက်
ငြိမ်းချမ်းရေးကို လုပ်ဆောင်နေရခြင်း ဖြစ်ပါတယ်။ လူနည်းစု အပေါ် လူကို လူလို
မြင် လို့ ဆိုတဲ့ အရိပ်အယောင် ဒီနေ့ထိ မတွေ့မြင်ရသေးပါဘူး။
ကမ္ဘာ့အသိုင်းအ၀ိုင်းက လူတွေဟာ လူသားတန်ဘိုးနဲ့ လူပီသတဲ့ အဆင့်ကို
ရောက်နေသူများ ဖြစ်နေပါပြီ။ ကောင်းတာကို ပြုလုပ်တဲ့ အတွက် Good Credit
ပေးသလို၊ မကောင်းမှုအတွက် Bad Credit ဆိုတာ ဒွန်တွဲ သတ်မှတ်ပြီး
ဖြစ်နေပါတယ်။ ဒီမိုကရေစီကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲရေး ဆိုတဲ့
စကားလုံးကို ပါးစပ်က ပြောပြောနေပြီး- အဲ့ဒီ စကားလုံးအောက်မှာ
ဗမာဗုဒ္ဓဘာသာချင်း ပူးပေါင်းသွားစေနိုင်ပေမယ့် ဗမာဗုဒ္ဓချင်း ပေါင်းမိသွားတဲ့
လူများစု အင်အားတစ်ရပ်က ကျန် လူနည်းစု မျိုးနွယ်တွေအပေါ်
ဖိနှိပ်ချုပ်ချယ်လို့ ရပြီ။ လူနည်းစု ဘာသာဝင်တွေအပေါ် အပျောက်ရိုက်လို့ ရပြီ
ဆိုပြီး ဘ၀င်မြင့်နေသူတွေဟာ ပင်းနေ၊ ကန်းနေ၊ အ နေသူတွေသာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ပြုပြင်ပြောင်းလဲရေး
ဆိုတာ ရိုဟင်ဂျာ ဆိုတဲ့ဝေါဟာရပေါ်မှာ သော့ ချက်ဖြစ်နေပါတယ်။ ဒါကို
မျက်ကန်းတွေ မမြင်သ၍ တိုင်းပြည်အပေါ်မှာ ရနေတဲ့ Good Credit ဆိုတာ အသုံး
ဝင်ဦးမှာ မဟုတ်ဘူး။ ဖုံးတစ်ခုထဲမှာ SIM Card ကို ဖြုတ်ထားပြီး-Credit
(ငွေ) ဖြည့်နေသလို ဖြစ်နေတယ် ဆိုတဲ့ အချက်ကို သိဘို့ လိုပါတယ်။ SIM Card
ကို ဖြုတ်ထားပြီး ကြိုက်သလောက် Credit ဖြည့်ပါ- အဲ့ဒီ ဖုံးက ခေါ်လို့
ပြောလို့ ရတဲ့ ဖုံး ဖြစ်မလာဘူး ဆိုတာလောက်တော့ နည်းလည်ရပါမယ်။
လူမျိုးတစ်မျိုးဟာ သူဟာသူ ကြိုက်တာကို နာမည်ပေးခွင့်တောင် မရှိရင်
အဲ့ဒီ ဒီမိုကရေစီကို ဘယ်သူကမှ အသိအမှတ်ပြုမှာ
မဟုတ်သလို-၊မြန်မာနိုင်ငံဧရိယာ တွင်းက မူလဘူတ လူမျိုးနွယ်တစ်စုကို
သမိုင်းဖျောက်၊ မျိုးပြုရှင်းလင်းမှုဟာလည်း စစ်မှန်တဲ့ လူသားဝါဒ မဟုတ်ဘူး
ဆိုတာ ကမ္ဘာတစ်ခုလုံးက စွဲမြဲစွာ ခံယူထားတဲ့ အချက်ပါ။ ဒါကို
ပြုပြင်ပြောင်းလဲပစ်လို့ မရသလို-၊ လူလူချင်း အသိအမှတ်မပြုတဲ့ ၀ါဒကို
ချို့ယွင်းချက်နဲ့ နားလည်ပေးဘို့လည်း မရှိဘူး။ တစ်ကယ်လို့
မြန်မာနိုင်ငံအတွက် အဲ့သလို နားလည်မှု ပေးလိုက်ရင်- ကမ္ဘာ ပေါ်မှာ ရှိတဲ့
အခြားသော တိုင်းပြည်များမှာလည်း သူတို့မလိုလားတဲ့ သူတို့နဲ့ ဘာသာမတူတဲ့
လူမျိုးစု တစ်စု ကို ဖျောက်ဖျက်ချင်ရင် ဖျောက်ဖျက်လို့ရတယ် ဆိုတဲ့
ချို့ယွင်းချက် ဥပဒေ တစ်ရပ် ကမ္ဘာမှာ ဖြစ်လာပါလိမ့်မယ်- ဒါကို
ကမ္ဘာ့အသိုင်းအ၀ိုင်းက ဘယ်လိုမှ ဘယ်နည်းနဲ့မှ လက်ခံအတည်ပြုပေးမှာ မဟုတ်ဘူး
ဆိုတာကိုလည်း ဗြောင်းငြင်းမျက်ကန်းဝါဒီတွေ သိနားလည်ဘို့ လိုပါလိမ့်မယ်။
ကမ္ဘာ့အသိုင်းအ၀ိုင်းက ဘယ်လိုမှ နားလည် လက်ခံမပေးနိုင်တဲ့ သော့ချက်က
ဖုံးတစ်ခုထဲမှာ ဖြည့်ပေးနေ တဲ့Credit တွေကို အသုံးဝင်စေမယ့် SIM Card သဖွယ်
ဖြစ်နေပါတယ်။ Credit တွေ ဖြည့်ပေးထားခြင်းဟာ ကောင်းတဲ့ လက္ခဏာတွေ
ဖြစ်ပေမယ့်၊ အသုံးပြုနိုင်ဘို့ SIM Card မထည့်မချင်း အဲဒီ Creditများကို
စိတ်ကူး ယဉ်နဲ့ပဲ ခံစားနေရမှာပါ။
မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာတွေ၊ မြန်မာမွတ်ဆလင်တွေ ၂၀၁၄
သန်းခေါင်းစာရင်းမှာ မိမိကြိုက်တဲ့ အမည် နာမကို ထည့်သွင်းနိုင်ပါတယ်။ ဒါကို
ဘယ်သူမှ ဖျောက်ဖျက်ခွင့်၊ တားဆီးခွင့်မရှိပါ။ အကယ်၍ တစ်စုံတစ် ယေက်က
အာဏာနဲ့ တားမြစ်ခြင်း၊ အဲ့ဒီ လူမျိုးက သဘောမထူဘဲ အခြား အမည်နာမတစ်ခုကို
ထည့်ဖေါ် ပြခဲ့ ရင်လည်း ကမ္ဘာက အဲ့လို နိုင်ငံမျိုးကို ချွင်းချက်နဲ့
နားလည်ခွင့်ပြုပေးဘို့ မရှိပါ။
မဟာလူမျိုးကြီးစိတ် အမြစ်တွယ်နေတဲ့ ဗြောင်ငြင်း မျက်ကန်းဝါဒီတွေ၊
လူနည်းစု မျိုးနွယ်များအပေါ် အထင် သေးစိတ်ကို ခေါင်းမြီးခြုံထားသူတွေဟာ-
သူတို့ရဲ့ ပင်း၊ ကန်း၊ အ ဘ၀နဲ့သာ သူတို့မျိုးဆက်ကို သေးသိမ်တဲ့ ဘ၀ကို
ပို့ဆောင်နေသူတွေ ဖြစ်ပါတယ်။ လူနည်းစု မျိုးနွယ်များအပေါ် အထင်သေးစိတ်
ခေါင်းမြီးခြုံထားတဲ့ အဖြစ်က သူတို့ကိုယ်သူတို့ မသိဘဲလျှက် သူတို့ရဲ့
မျိုးဆက်ကိုသာ အသက်ရှုကြပ်လာစေရမှာပါ။
0 comments:
Post a Comment