Home

Thursday, August 29, 2013

Civil Rights


 Civil Rights ဆိုတာ နိုင်ငံတစ်နိုင်ငံထဲမှာ လူသားချင်းကြား တန်းတူညီမျှ အခွင့်အရေး၊ အကျိုးတူ အေးတူပူမျှ ခံစားရရေး ဖြစ်ပါတယ်။ တန်းတူညီမျှ အခွင့်အရေး ရရှိအောင် လှုပ်ရှားမှု ဆိုတာ တန်းတူညီမျှ အခွင့်အရေး မရှိတဲ့ အရပ် ဒေသ၊ တိုင်း၊ နိုင်ငံတွေမှာသာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
ဒီမှာလည်း တန်းတူညီမျှ အခွင့်အရေး တစ်ကယ် ဆုံးရှုံးနေရတဲ့ လူထုတစ်ရပ်က မိမိတို့မှာ အမှန်တစ်ကယ် အခွင့်အရေးတွေ ဆုံးရှုံးနေပါလား-၊ ဒီအခွင့်အရေးကို ရအောင် ဘယ်လို ရယူမလဲ ဆိုတဲ့ အသိတရားလည်း ရှိလာဘို့ လိုအပ်ပါတယ်။ တန်းတူညီမျှ အခွင့်အရေး ဆုံးရှုံးနေတာကို ဆုံးရှုံးနေမှန်းမသိဘဲ အဆင်ပြေသလို နေတတ်တဲ့ အလိုက်သင့် ကျေးကျွန်စိတ်ပေါက်နေတဲ့ လူထု ဆိုရင် အဲ့လို လူထုမျိုးအတွက် တန်းတူညီမျှ အခွင့်အရေး ရလာဘို့ အကြောင်းမရှိပါ။ အကြောင်းကတော့ တန်းတူညီမျှ အခွင့်အရေး ဆိုတာလည်း လူမှု တော်လှန်ရေး တစ်ခု ဖြစ်နေလို့ပါပဲ။

တန်းတူညီမျှ အခွင့်အရေး ရရှိဘို့ လှုပ်ရှား ကြိုးစားခဲ့တဲ့ သမိုင်းမှာ အမေရိကန်ပြည်ထောင်စုက ဒေါက်တာ မာတင်လူသာကင်း (ဂျူနီယာ) ဦးဆောင်တဲ့ လှုပ်ရှားမှုက ကမ္ဘာမှာ သမိုင်းဝင် ဖြစ်ခဲ့ပါတယ်။ သူ မတိုင်မှီ လူမဲ တွေရဲ့ အခွင့်အရေးကို စတင်တောင်းဆိုခဲ့သူ ခေါင်းဆောင်က မဲလ်ကွန်အိက်စ် ဖြစ်ပြီး မဲလ်ကွန်အိက်စ်က လုပ်ကြံခံလိုက် ရပါတယ်။ မဲလ်ကွန်အိက်စ်ရဲ့ ငါတို့ဟာ ခြံထဲက ကြက်တွေ မဟုတ်ဘူး ဆိုတဲ့ သမိုင်းဝင်စကား က တန်းတူညီမျှ အခွင့်အရေး ဆိုတာကို မေ့လျှော့နေတဲ့ လူထုကြီးကို စတင် လှုပ်နှိုးနိုင်ခဲ့တာပါ။ ၀မ်းနည်း စရာ ကောင်းတာက လူမဲတွေအတွက် တန်းတူညီမျှ အခွင့်အရေးကို ဦးဆောင်တောင်းဆိုတဲ့ မဲလ်ကွန်အိက်စ် ကို လုပ်ကြံတွေသူဟာ ဆန့်ကျင်ဘက် အင်အားစုရဲ့ လက်ပါးစေ လူမဲတွေပဲ ဖြစ်ခဲ့ပါတယ်။ မဲလ်ကွန်အိက်စ်ရော ဒေါက်တာ လူသာကင်းပါ လုပ်ကြံခံရသူများ ဖြစ်ခဲ့ပေမယ့်-၊ သူတို့ ဦးဆောင်ခဲ့တဲ့ တန်းတူညီမျှအခွင့်အရေး လှုပ်ရှားမှုကြောင့် လူမဲ တွေရဲ့ ဘ၀ဟာ အမေရိကန် ပြည်ထောင်စုထဲမှာ တန်းတူညီမျှ အခွင့်အရေးရဲ့ အကျိုး တွေကို ခံစားခဲ့ရပါတော့တယ်။ လူသားချင်း တန်းတူညီမျှ အခွင့်အရေးကို ဥပဒေပြုပေးလိုက်တဲ့ အမေရိကန် ပြည်ထောင်စုဟာလည်း လူ့အရင်းအမြစ် အရည်အသွေးများရဲ့ အကျိုးတရားတွေ ဖြစ်ထွန်းပြီး ဆထက်တံပိုး တိုးတက်ခွင့်ရသွားပါတော့တယ်။
အလားတူ အာဖရိကတိုက်ထဲက တောင်အာဖရိက နိုင်ငံဟာလည်း တန်းတူညီမျှ အခွင့်အရေးကို ဥပဒေ ပြုပေး လိုက်ပြီး နောက်ပိုင်းမှာ လူတစ်ဦးချင်းရဲ့ လုပ်အား လူ့အရင်းအမြစ်နဲ့ အရည်အသွေးတွေကို အသုံးချခွင့် ရသွား ပြီး ဒေသတွင်းမှာ အတိုးတက်ဆုံး နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါတွေကို ကျွန်တော်တို့ မြန်မာနိုင်ငံက အတု ယူဘို့ လိုအပ်လှပါတယ်။
တန်းတူညီမျှ အခွင့်အရေး ဆိုတဲ့ စကားလုံးနဲ့ ဥပဒေပြုမှုက စကားဝေါဟာရ အဖြစ် လွယ်ကူပေမယ့် လက် တွေ့ အကောင်အထည်ဖေါ်တဲ့ နေရာမှာ အလွန်တရာ ခက်ခဲလှပါတယ်။ တန်းတူညီမျှ အခွင့်အရေး အတွက် လူမှု တော်လှန်ရေး ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံတွေကို ပြန်ကြည့်ရင် နောက်ခံ လူ့အသိုင်းအ၀ိုင်းနဲ့ ဖြစ်တည်ပုံ လူ့သမိုင်း မတူ ညီမှုအပေါ် တော်လှန်ရေး ရဲ့ အသွင်သဏ္ဍာန်ဟာလည်း မတူကွဲပြားတာကို တွေ့မြင်ရပါတယ်။
အင်္ဂလန်နိုင်ငံမှာ ပရိုတက်စ်တင့်ဂိုဏ်းတွေကို ဖိနှိပ်ခဲ့စဉ်က- ဘာသာရေး အကြောင်းပြချက်နဲ့ ဖိနှိပ်ခွဲခြားခြင်း ဖြစ်ခဲ့တယ်။ အမေရိကန်ပြည်ထောင်စုမှာ လူမဲတွေကို ကျေးကျွန်အဖြစ် အစဉ်အလာ အမြင်ရှိမှုတွေကြောင့် ခွဲခြားဆက်ဆံခံခဲ့ရတယ်။ တောင်အာဖရိကမှာ အသားရောင်နဲ့ လူဖြူကြီးစိုးရေး ၀ါဒတွေကြောင့် ဖြစ်ခဲ့ရတယ်။ ဒါတွေအားလုံးကို အဆိုပါနိုင်ငံတွေမှာ ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ ဘယ်ဘာသာဖြစ်ဖြစ်-၊ ဘာအရောင် ဖြစ်ဖြစ် လူကို လူလို့ မြင်နိုင်တဲ့ အသိစိတ်တွေ လူလူချင်း လူလို ဆက်ဆံရမယ် ဆိုတဲ့ ခံစားမှုတွေ သူတို့ရင်ထဲမှာ အမြစ်တွယ် ခဲ့ကြပါပြီ။
တန်းတူညီမျှ အခွင့်အရေးကို မပေးချင်သူတွေဟာ တစ်ကယ်တော့ စိတ်ရောဂါတစ်ခုခု စွဲကပ်နေသူတွေ ဖြစ်တယ်လို့ ကျွန်တော့ အနေနဲ့ ဆိုချင်ပါတယ်။ သူတို့ကိုယ်သူတို့ ယုံကြည်မှုအားနည်းခြင်း၊ မသိစိတ်တွင်းက သိမ်ငယ်စိတ်နိုးကြွမှု လွန်ကဲခြင်း၊ သတ္တိရှင်တို့ရဲ့ နှလုံးကို မမူတဲ့ မနာလိုမှုယိုဖိတ်ခြင်း စိတ်ဝေဒနာရှင်တွေဟာ လူ- လူချင်း တန်းတူညီမျှ အခွင့်အရေးနဲ့ ဆက်ဆံရမှာကို ကြောက်ရွံ့သူများ ဖြစ်တယ်လို့ ဒေါက်တာမာတင် လူသာကင်းကို ထောက်ခံခဲ့တဲ့ လူဖြူအုပ်စုခေါင်းဆောင်တွေက- အတိုက်အခံများကို ထောက်ပြခဲ့ပါတယ်။
သူတို့ကိုယ်သူတို့ ယုတ္တိရှိလှပါတယ်လို့ ထင်မှတ် အကြောင်း ပြနေတဲ့ ဆင်ခြင်တွေဟာ တစ်ကယ်တော့ ကလေးဆန်လှတဲ့ ယုတ္တိမဲ့ ခေတ်နောက်ကျနေမှုများသာ ဖြစ်ပါတယ်။ ဒီလိုအယူသည်း ရပ်တည်မှုများဟာ သမိုင်းမှာ လူကြမ်းမင်းသားများသာ ဖြစ်သွားရပါတယ်။
Civil Rights လှုပ်ရှားမှုအတွက် တိုင်းပြည်တွင်းမှာ ရှိတဲ့ လူအများစုကြီးကို Civil Rights ရဲ့ ကောင်းကျိုးတွေကို ဆွေးနွေးဖလှယ်ဘို့နဲ့ Civil Rights မရှိတဲ့ နိုင်ငံများရဲ့ လူရာမ၀င်ဖြစ်ရမှုများကိုလည်း နားပေါက်အောင် ပြောဆို နိုင်ဘို့ လိုပါတယ်။ နိုင်ငံ တစ်ကာ အတွေ့အကြုံများအရ Civil Rights ကို မကြိုက်သူများထဲမှာ မျက်ကန်း ဘာသာရေး အယူသည်းတွေ၊ အများ ကြိုက်လိုက်လျှော ဆင်ခြေမှားကို ကျင့်သုံးတဲ့ အာဏာမက်တွေ၊ ယုတ်မာ ကောက်ကျစ်တဲ့ စီးပွားရေးသမား တွေက များတတ်ပါတယ်။ အဲ့ဒီ အုပ်စု သုံးစုဟာ အကျိုးတူပူးပေါင်းပြီး သာမန်လူထုကြီးကို ဘာသာအား အာဏာအား ဓနအားတွေနဲ့ ပြုစားဖျားယောင်းလေ့ရှိပါတယ်။ အဲ့ဒီ အုပ်စု သုံးစုဟာ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်မျိုးထားသူတွေ ဖြစ်ပြီး- တိုင်းပြည်အကျိုး၊ လူထု အကျိုး ကို ထည့်မစဉ်းစားပေးသူများသာ ဖြစ်ပါတယ်။ ဒါကို လူထုကို မြင်အောင် ပြဘို့ လိုအပ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံ အခြေအနေကို တည့်တည့် သုံးသပ်ရင် Civil Rights ကို ဖျက်ဆီးနေသူတွေဟာ ဘာသာ ရေး အယူသည်းတွေ၊ အာဏာမက်တွေနဲ့ လောဘက်တက်နေတဲ့ လူတစ်စု စီးပွားရေးသမားတွေ ဖြစ်ကြောင်း သိသာ မြင်သာ တွေ့နေရပါတယ်။ ဒီသုံးစုက သူတို့ရဲ့ ပုဂ္ဂလိက အောင်မြင်မှုအတွက် လူထုနဲ့ တိုင်းပြည်ကို အရင်းတည်- ချကျွေးနေခြင်းသာ ဖြစ်ကြောင်း လူထု သိဘို့ လိုပါမယ်။ ဥပမာ အားဖြင့် ဘာသာရေး အမည်ခံ သင်္ကန်းဝတ် တစ်စုကြောင့် ဗုဒ္ဓဘာသာ နာမည်ပျက်ရတယ်-၊ ဒီမှာ ဗုဒ္ဓဘာသာကို အစဉ်အလာ ရိုးရိုးသားသား ကိုးကွယ်ယုံကြည်ခဲ့တဲ့ လူထုကြီးက မျက်နှာပျက်ရ၊ ရဟန်းသံဃာအစစ်တွေက ဂုဏ်သိက္ခာပျက်ရ-ခြင်း ဆိုတဲ့ အကျိုးဆက်ကို ခံစားရပြီး-၊ အမည်ခံ သင်္ကန်းဝတ်အုပ်စုကတော့ ဆွမ်းတဖတ် လျှော့သွားခြင်း မရှိခဲ့ဘူး။ အာဏာမက်တဲ့ လူတွေကလည်း သူတို့ကြောင့် တိုင်းပြည်ကို စီးပွားရေးပိတ်ပင်တာတို့၊ လမ်းကြောင်း ဖွင့် ပေးလိုသလောက် မဖွင့်ပေးတာတို့ ဖြစ်လာခဲ့ရင်လည်း လူထုကသာ ဆင်းရဲတွင်း နက်ပြီးရင်း နက်ရင်း ခံစား ရမှာ ဖြစ်ပြီး သူတို့အတွက်တော့ မျိုးစဉ်မျိုးဆက် ကောင်းစားနေဦးမှာပါ။ ကမ္ဘာတည်သ၍ အာဏာတည်နေ ဦးမှာပါ။ လောလောဆယ် အကျိုးဆက်မှာ လူထုကသာ ဆင်းရဲတွင်း နစ်ခြင်းကို ခံစားရပြီး မျိုးစဉ်မျိုးဆက် လည်း နလံထူနိုင်ဘို့ မမျှော်လင့်ရဲတဲ့ အခြေအနေကို ရောက်သွားရပါတယ်။
ခွဲခြား ဆက်ဆံခံရတဲ့ လူသားတွေဟာလည်း မိမိတို့ တိုင်းပြည်ထဲက လူသားတွေ ဖြစ်ပြီး သူတို့ရဲ့ အကြံအား ဉာဏ်အား ဓနအား လုပ်အားတွေနဲ့ တိုင်းပြည်အပေါ် အကျိုးပြုခွင့်မရတဲ့ အတွက် တစ်တိုင်းပြည်လုံးကိုပဲ ထပ်ဆင့် ထိခိုက်နိုင်ပါတယ်။
တစ်ကယ်လို့Civil Rights ဆိုတာ ရှိလာရင် အခြေခံလူထုရဲ့ ဘ၀ဟာ အခု လက်ရှိအခြေအနေက နေ့ချင်း ညချင်း တိုးတက်ပြောင်းလဲလာမှာ ဖြစ်ပြီး ဘ၀အေးချမ်းမှု၊ သက်သာချောင်ချိမှုများ ရက်တို နှစ်တို အတွင်းမှာ သိသာထင်ခြားစွာ တိုးတက်လာမှာ ဖြစ်ပါတယ်။- ဒါတွေကို လူထုကြီး တစ်ရပ်လုံး အသိဝင်စေဘို့ အရေးကြီး လှပါတယ်။ သတိဖေါ်ပေးသူများလည်း လိုအပ်ပါတယ်။
Civil Rights ဟာ လူတိုင်းအတွက် ဖြစ်လို့ လူတိုင်းက Civil Rights လှုပ်ရှားမှုထဲမှာ ပါဝင်လာဘို့ လိုပါတယ်။ ထောက်ခံအားပေးလာဘို့ လိုပါတယ်။ မာတင်လူသာကင်းဟာ လူမဲတွေအတွက် Civil Rights ကို ဦးဆောင် ပေးခဲ့ပေမယ့်-၊ အဲ့ဒီ လှုပ်ရှားမှုမှာ လူဖြူတွေလည်း အများကြီးပါဝင်ခဲ့ပါတယ်။ ထောက်ခံအားပေးခဲ့ပါတယ်။ လူဖြူချင်း အမုန်းခံပြီး Civil Rights ဘက်က ရပ်တည်ပေးခဲ့ပါတယ်။ အဲ့ဒီ အကျိုးဆက်ကို ဒီနေ့ အမေရိကန် ပြည်ထောင်စုကြီး ခံစားနေရပါပြီ။ ဒါတွေကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အတုယူသင့်လှပါတယ်လို့ ပြောလိုပါတယ်။

0 comments:

Post a Comment

ကြော်ငြာကဏ္ဍ