ရခိုင်သမိုင်းပညာရှင်တို့အား စိန်ခေါ်ခြင်း
၂၀၁၂- ဒီဇင်ဘာ ၁၆ ရက်
ရခိုင်နယ်သည် ကိုယ့်ထီးကိုယ့်နန်းဖြင့် နှစ်ပေါင်း လေးထောင်သော
သမိုင်းဖြင့် တည်ရှိခဲ့၏။ ထိုကာလသည် ဗမာအင်ပါယာ (ပုဂံအင်ပါယာ) မပေါ်ပေါက်မှီ
နှစ်ပေါင်း သုံးထောင်ကျော် ပိုမိုရှေးကျ၍ ဖြစ်၏။ ရခိုင်၏ နှစ်ပေါင်း
လေးထောင်ကျော်သော သမိုင်းတွင်- ရခိုင်နယ်၌ ရှိနေသော မည်သည့်လူမျိုးစုက
မူလဇစ်မြစ် လူမျိုး ဖြစ်သနည်း။ မည်သည့်လူမျိုးက နှောင်းပိုင်းမှ
ဝင်ရောက်လာသော လူမျိုးဖြစ်သနည်း-၊ ဆိုသည်တို့အား ပထ၀ီ သဘာဝအရလည်းကောင်း၊
သမိုင်းလက်ရာ အထောက်အထားများအရ လည်းကောင်း၊ ရခိုင်စာပေဇစ်မြစ် အရ
လည်းကောင်း၊ ရခိုင်တို့၏ ရုပ်ရည်ဟန်ပန်အရလည်းကောင်း၊
သမိုင်းစာပေအထောက်အထားအရ လည်း ကောင်း- ရခိုင်သမိုင်းပညာရှင်ဟု ခံယူထားသော
ဒေါက်တာအေးချမ်းအပါအ၀င်- အခြားမည်သည့် သမိုင်းပညာ ရှင်များနှင့် မဆို
ကမ္ဘာသိ မီဒီယာများ ရှေ့မှောက်၌ နေရာမရွေး၊ အချိန်မရွေး Debate
လုပ်ဆွေးနွေးလျှက် အဖြေဖေါ်ထုတ်လိုပါသည်။
ကျွန်ုပ်အနေဖြင့် ရခိုင်နယ်၏ ရှေးဦးမူလ လူမျိုးမှာ ယခုအခါ
မိမိကိုယ်မိမိ “ရိုဟင်ဂျာလူမျိုး”ဟု ခံယူထားသူများ သာ ဖြစ်ကြောင်း-၊
ကမ္ဘာ့မီဒီယာများရှေ့တွင် သက်သေသက်ကန် အတိအကျ ဖေါ်ထုတ်ပြသွား ဖြစ်သည်။
မျိုးဆက် သုံးဆက်ခန့် သမိုင်းကို လိမ်လည်၍ တင်ပြခဲ့ခြင်းကြောင့် အထင်မှား
အမြင်မှား-သမိုင်းမှားများ၏ ၀ဲသြဃအတွင်း ရောက်နေရသည့် မြန်မာနိုင်ငံသူ
နိုင်ငံသား အပေါင်းတို့အားလည်း သမိုင်း၏မှန်၏ တန်ဘိုး၊ သမိုင်းမှန်၏
ဇစ်မြစ်တို့အား ပြန်လည်ဖေါ်ထုတ်ပေးရာ ရောက်မည်ဟု ယုံကြည်သည်။
“ရိုဟင်ဂျာ”ဆိုသည်မှာ နောက်ပိုင်းတွင်မှ လုပ်ကြံဖန်တီးခြင်း ဖြစ်၏၊
ထိုရိုဟင်ဂျာ ဆိုသူများမှာ ကိုလိုနီခေတ် အတွင်း ဘင်္ဂလားဒေ့ရှ်မှ ခေါ်ယူလာသော
လယ်လုပ်ကျေးကျွန်များသာ ဖြစ်၍၊ ၁၈၂၄ ခုနှစ် နောက်ပိုင်းတွင်မှ
ရခိုင်နယ်ထဲသို့ ရောက်လာသူများ ဖြစ်၏- ဟု ရခိုင်သမိုင်းအား
လိမ်လည်တင်ပြထားသော၊ သို့မဟုတ် မိမိ လက်လှမ်းမှီသလောက်ကို အခြေခံကာ အမှန်ဟု
ခံယူ တင်ပြထားသော-သမိုင်းပညာရှင်ခံထားသော ပညာရှင် တို့ အနေဖြင့်-၊
မိမိဘ၀တာ မကုန်ဆုံးမှီ-၊ ပညာရှင်ပီပီ၊ ယောကျားပီပီ၊ သူရဲကောင်းပီပီ၊
ရခိုင်နယ်အား ချစ်မြတ် နိုးသူ ပီပီ ပြန်လည်ပြင်ဆင်လိုက ပြင်ဆင်နိုင်ရန်လည်း
ကျွန်ုပ်ဘက်မှ ရည်ရွယ်သည်။
အထူးသဖြင့် ခေတ်သစ် ရခိုင်သမိုင်းပညာရှင် ဟု ခံယူထားသော၊ ဒေါက်တာ
အေးချမ်း ဖြင့် အဓိက ဆွေးနွေး လိုသည်။ ဒေါက်တာ အေးချမ်းအနေဖြင့်
သွားရေးလာရေး ခက်ခဲသော်-၊ ကျွန်ုပ်မှ ဒေါက်တာအေးချမ်း နေထိုင် သည့်
ဂျပန်နိုင်ငံတွင် လာရောက် ဆွေးနွေးနိုင်ကြောင်းလည်း ကမ်းလှမ်းလိုသည်။
ကျွန်ုပ်ကိုယ်တိုင် ရခိုင်လူမျိုး စစ်စစ်ဖြစ်၍ (ဆွေးနွေးရန် တောင်းဆိုမှုအား
လက်ခံလျှင် ရခိုင်လူမျိုး စစ်စစ်ဖြစ်ကြောင်း အထောက်အထား ပြ ပေးပါမည်၊)-
ရခိုင်နယ်မှ ညီအစ်ကို တိုင်းရင်းသားချင်းကြား-အိုးမဲသုတ် ခွပ်ခိုင်းထားသည့်
သမိုင်းမှားအား ချေ ဖျက်လိုသော ဆန္ဒသန့်သန့်ဖြင့် ယခုကဲ့သို့
ကမ်းလှမ်းလိုက်ခြင်းလည်း ဖြစ်သည်။
ဌေးလွင်ဦး
ကုရ်အံကျမ်းတော် ဘာသာပြန်ဆရာ၊ BA (မြန်မာစာ- ရန်ကုန်)၊ AA (Media Marketing, NY USA), Scholar of Buddhism, Christianity & Islam
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု
0 comments:
Post a Comment